Blogger Widgets

Sunday 16 June 2013

ပုဂ္ဂလိက အာမခံကုမ္ပဏီကိုးခု လိုင်စင်ရ၊ လေးခု လုပ်ငန်းစတင်

နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ် လုပ်ကိုင်ခွင့်ရထားသည့် ပုဂ္ဂလိက အာမခံကုမ္ပဏီ ၁၂ ခုအနက် ကိုးခုကို လုပ်ကိုင်ခွင့်လိုင်စင် ထုတ်ပေးထားပြီး အာမခံကုမ္ပဏီ လေးခုမှာ လုပ်ငန်းစတင်နေပြီ ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။
ပုဂ္ဂလိက ကုမ္ပဏီလေးခုကို ဇွန်လ ၁၄ ရက်နေ့တွင် လုပ်ကိုင်ခွင့်လိုင်စင် ထပ်မံထုတ်ပေးသည့် အခမ်းအနားတွင် ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။ ပုဂ္ဂလိက အာမခံလုပ်ငန်း လုပ်ကိုင်ခွင့် ရရှိထားသည့် ကုမ္ပဏီ ၁၂ ခုအနက် မေလ ၂၅ ရက်နေ့တွင် ကုမ္ပဏီငါးခုကို လုပ်ကိုင်ခွင့်လိုင်စင် ပေးခဲ့ပြီး ယခုတစ်ကြိမ် ဇွန်လ ၁၄ ရက်နေ့တွင် ကုမ္ပဏီ လေးခုကို ထပ်မံလိုင်စင်ပေးခြင်း ဖြစ်သည်။
ဒုတိယအကြိမ် ခွင့်ပြုလိုက်သည့် အာမခံကုမ္ပဏီများမှာ Capital Life Insurance, First National Insurance Public Co.,Ltd.,၊ ဧရာမြန်မာ့အာမခံ၊ Global World Insurance Public Co.,Ltd. တို့ဖြစ်သည်။ ကနဦးလိုင်စင်ရ ကုမ္ပဏီဖြစ်သော IKBZ Insurance Public Co.,Ltd၊ Grand Guardian Insurance Public Co., Ltd.၊ အောင်သစ္စာဦး အာမခံကုမ္ပဏီ၊ နိုင်ငံသားစီးပွားရေး အာမခံ (အများပိုင်)တို့မှာ လုပ်ငန်းစတင်နေပြီဖြစ်ပြီး အောင်မြင့်မိုရ်အာမခံ ကုမ္ပဏီမှာလည်း မကြာမီ လုပ်ငန်း စတင်မည် ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက ပြောကြားသည်။
လုပ်ကိုင်ခွင့်ရ ပုဂ္ဂလိက အာမခံကုမ္ပဏီ ၁၂ ခုကို ၂၀၁၃ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား လုပ်ငန်းစတင်ရန် လုပ်ဆောင်နေခြင်းဖြစ်ပြီး မတည်ရင်းနှီးငွေ သွင်းပြီးသည့် လုပ်ငန်းစတင်ရန် အဆင်သင့်ဖြစ်နေသည့် ကုမ္ပဏီများကိုသာ လိုင်စင်ထုတ်ပေးထားခြင်းဖြစ်ကြောင်း မြန်မာ့အာမခံ လုပ်ငန်းထံမှ သိရှိရသည်။
နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပုဂ္ဂလိက အာမခံလုပ်ငန်း ၁၂ ခုကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် တရားဝင် ခွင့်ပြုခဲ့ပြီး အသက်အာမခံနှင့် အထွေထွေအာမခံ (မီး၊ မော်တော်ကား၊ ငွေပို့ငွေသယ်၊ ငွေသားလုံခြုံမှု၊ သမာဓိ) တို့ကို ခွင့်ပြုထားသည်။
အောင်မြင့်မိုရ်၊ နိုင်ငံသား စီးပွားရေး အာမခံနှင့် Capital Life Insurance ကုမ္ပဏီတို့သည် အသက်အာမခံ လုပ်ငန်းကို လုပ်ကိုင်မည်ဖြစ်ပြီး First National Insurance Public Co,.Ltd., IKBZ Young Insurance Public Co.,Ltd., Grand Guardian Insurance Public Co.,Ltd., Global World Insurance Public Co.,Ltd., Excellent Fortune Insurance Public Co.,Ltd.,၊ ဧရာမြန်မာအာမခံ၊ အောင်သစ္စာဦး ကုမ္ပဏီတို့သည် အသက်အာမခံနှင့် အထွေထွေအာမခံ နှစ်မျိုးလုံးကို လုပ်ကိုင်ခွင့်ရထားကြောင်း ၂၀၁၃ ခုနှစ် ဇွန်လ ၁၇ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments :

Post a Comment

Blogger Widgets
Back to Top