မန္တလေးမြို့မှာ ပုဂ္ဂလိကနေတစ်ဆင့်
ရေပေးဝေတဲ့စနစ် ကျင့်သုံးဖို့လာမယ့် ဇူလိုင်လထဲမှာ ကုမ္ပဏီတွေကို
တင်ဒါခေါ်သွားမယ်လို့ မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီ MCDC ထံက
သိရပါတယ်။ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ကို ရေလုံလောက်အောင်
ဖြန့်နိုင်ဖို့ ပုဂ္ဂလိက ကုမ္ပဏီတွေထံ စတင်လွှဲပေးမှာ ဖြစ်ပြီး
တခြားမြို့နယ်တွေမှာတော့ ပုဂ္ဂလိကနဲ့ ပူးပေါင်းလုပ်ဖို့ အစီအစဉ်
မရှိသေးဘူးလို့ MCDC ရဲ့ ကော်မတီဝင် (၃) ဦးထွန်းကြည်ထံက သိရပါတယ်။
ဦးထွန်းကြည်က ‘ရေအပြည့်အဝ ဖြန့်နိုင်ဖို့ လိုအပ်တဲ့ ကိရိယာတွေ တပ်ဆင်တဲ့အခါ မြို့တော်စည်ပင်အနေနဲ့ ကုန်ကျစရိတ်တအား များလွန်းတယ်၊ ဒါကြောင့် ပုဂ္ဂလိကကို လွှဲပေးပြီး လုပ်နိုင်မှာ တင်ဒါအောင်တဲ့ ကုမ္ပဏီကပဲ နှစ် ၃၀ တို့ဘာတို့ စာချုပ်တွေနဲ့ ရေဆက်ဖြန့်သွားမယ်’ လို့ ပြောပါတယ်။ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုမြို့သစ်က လုပ်ငန်းရှင် ဦးကျော်ရွှေက ‘ပိုက်ဆံပေးပြီး ဝယ်သုံးကြရတာမို့ တန်မှ သုံးချင်ကြတာပဲ၊ အစိုးရကပဲဖြစ်ဖြစ်၊ ပုဂ္ဂလိကပဲဖြစ်ဖြစ် သုံးစွဲသူဘက်ကို အဆင်ပြေအောင် လုပ်ပေးဖို့က အဓိကပဲလို့ ပြောပါတယ်။
မန္တလေးမြို့ရဲ့ ရေပေးဝေရေး စနစ်မှာ ၁၉၉၂ ခုနှစ်ကတည်းက အသုံးပြုခဲ့တဲ့ မြေအောက်ရေပိုက်လိုင်း စနစ်တွေဟာ နှစ်ပေါင်း ၂၀ ကျော် သက်တမ်းကြာနေပြီမို့ တစ်အိမ်ချင်းစီကို ရောက်ရှိတဲ့ ရေတွေဟာ တစ်ခါတစ်ရံမှာ သံချေးရောင်တွေ ဖြစ်နေတာမျိုး၊ ပိုးလောက်လန်းလို အနည်အနှစ်တွေ ပါနေတာမျိုးတွေ ကြုံနေရပြီး ရေရဲ့ အရည်အသွေးဟာ နိမ့်ကျနေတယ်လို့ အသက် ၅၀ ကျော်အရွယ် မြို့ခံအိမ်ရှင်မ တစ်ဦးထံက သိရတယ်။
မန္တလေးမြို့မှာ ယခင်က နေရာတစ်နေရာတည်းကနေ ရေပေးဝေတဲ့စနစ် (centralization) ကို ကျင့်သုံးခဲ့တာကြောင့် မြို့နယ်တွေ အလိုက် ရေပေးဝေတဲ့အခါမှာ အခက်အခဲတွေ ရှိခဲ့ပါတယ်။ ယနေ့အချိန်မှာ MCDC က ရေပေးဝေရေးဌာန ရှစ်ခုထိခွဲပြီး ရေဖြန့်ဝေပေးနေပေမဲ့ မန္တလေးတစ်မြို့လုံး ရေလိုအပ်ချက်ရဲ့ ၇၀ ရာခိုင်နှုန်းသာ ဖြန့်ဝေပေးနိုင် သေးတယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံက သိရကြောင်း ၂၀၁၃ ခုနှစ် ဇွန်လ ၁၄ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments :
Post a Comment