မြန်မာနိုင်ငံ၏ ဘေးအန္တရာယ် စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြှင့်တင်မှုအတွက် အတိတ်ကာလ
ဘေးအန္တရာယ်အတွေ့အကြုံ သင်ခန်းစာများ အပေါ်အခြေပြု၍ ဘေးအန္တရာယ် စီမံခန့်ခွဲမှု သင်ရိုး
သစ်အား ရေးဆွဲကာ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုတို့တွင် ယခုနှစ်အတွင်း ဘေးအန္တရာယ်
စီမံခန့်ခွဲမှုသင်တန်းများ အရှိန်မြှင့် ပို့ချလျက်ရှိကြောင်း အာရှဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှု
စင်တာ (Asia Disaster Prepardness Center) မှ အကြီးတန်း စီမံကိန်း မန်နေဂျာ Mr. Sudhir
Kuma က လွန်ခဲ့သော သီတင်းပတ်အတွင်း ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဖာမြို့၌ ကျင်းပသော လေးကြိမ်
မြောက် ကမ္ဘာလုံးဆိုင်ရာ ဘေးအန္တရာယ် လျော့ပါးရေး နှီးနှောဖလှယ်ပွဲတွင် ပြောသည်။

အဆိုပါ သင်ရိုးသစ်အား ဘေးအန္တရာယ်စီ မံခန့်ခွဲမှုအတွက် စိန်ခေါ်မှုအသစ်များပေါ်တွင် ဖြေရှင်း
ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ပံ့ပိုးရန် အစိုးရဌာနများ၊ ADPC အပါအ၀င် ပြည်တွင်းနှင့်
နိုင်ငံတကာမှ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ ပူးပေါင်းကာ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၁၂
ခုနှစ် စက်တင်ဘာလအတွင်း ပြုစုခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါ သင်ရိုးသစ်ဖြင့်ပို့ချမှုများအား ၂၀၁၂ ၁၃ ခုနှစ်တွင် မန္တလေး၊ ထားဝယ်၊ မော်လမြိုင်၊ ဘားအံ၊
တောင်ကြီးနှင့် ပြည်မြို့ များရှိ ဌာနဆိုင်ရာအရာရှိများအား ပို့ချခဲ့ပြီး ဖြစ်ကာ မြန်မာနိုင်ငံရှိ ပြည်နယ်
နှင့်တိုင်း ဒေသကြီး ၁၄ ခု တို့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာန၏ ဦးဆောင်မှု
ဖြင့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

"အရင်ကတော့ သင်ရိုးရယ်လို့တိတိကျကျမရှိဘူး။ ဌာနရဲ့ သင်တန်းအတွက် မှတ်စုလိုပုံစံ ကိုပဲ
မွန်းမံထုတ်ပြီး ကျွန်တော်တို့သင်တန်းချိန်ကို ကျွန်တော်တို့က ၀င်သင်တယ်။ မီးသတ်၊ မိုး/ဇလက
သင်တန်းချိန်ဆို အဲဒီဌာနတွေက သင်ပေးတယ်ပေါ့။ ဒါပေမဲ့ မှတ်ထားတဲ့မှတ်စုကို အခြေခံပြီး ဒေသ
အလိုက်သင်တန်းမှာ ပို့ချတဲ့ ပို့ချမှုတွေကလည်းမတူပြန်ဘူး။ ဒေသနဲ့လိုက်ပြီး နှစ်အလိုက်အမျိုးမျိုး
ဖြစ်နေတာ။ အခုသင်ရိုးသစ်ကတော့ ကျွန်တော်တို့အရင်သင် နေတဲ့ မှတ်တမ်းအချက်အလက်တွေ
အားလုံးကိုစုပြီး နိုင်ငံတကာက ပညာရှင်တွေရဲ့ အကြံဉာဏ်နဲ့ အားလုံးစုပြီး သင်ရိုးညွှန်းတမ်း
သဘောမျိုးဆွဲလိုက်တာပေါ့" ဟု ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဌာန၊ နေပြည်တော်
မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေမျိုးထွန်းက ပြောသည်။

သင်ရိုးညွှန်းတမ်း ရှိလာခြင်းဖြင့် ဒေသအသီးသီးတွင် ပုံစံအမျိုးမျိုးဖြစ်နေသော ဘေးအန္တရာယ်
စီမံခန့်ခွဲမှု ပို့ချမှုများကို တစုတစည်းတည်းလေ့လာနိုင်ကာ ဌာနဆိုင်ရာအလိုက် သတင်းအချက်
အလက် အသစ်များကိုလည်း ပံ့ပိုးထားခြင်းဖြင့် ပိုမိုအဆင်ပြေမှုရှိကြောင်း ၎င်းက ပြောသည်။

သင်တန်းတစ်ခုတွင် ဒေသအုပ်ချုပ်ရေး အပါအ၀င် ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့်သက်ဆိုင်သော
ဌာနအသီးသီးမှ ဦးဆောင်ဆောင်ရွက်နိုင်မည့် ကိုယ်စားလှယ် ၅၀ ဦးခန့် ပါဝင်လေ့လာစေကြောင်း
၎င်းက ပြောသည်။

"သင်တန်းမှာ ဘေးအန္တရာယ်တွေရဲ့ အကြောင်း၊ ဘယ်လို ပြင်ဆင်၊ တုံ့ပြန်ဆောင် ရွက်ရမယ်ဆိုတာ
တွေကို အဆင့်ဆင့်သင်ပေးပါတယ်။ သင်တန်းတွေရဲ့ အကျိုးဆက်အနေဖြင့် သဘာဝဘေးအတွက်
ဂရုပြုမှု ပိုမြင့်လာတယ်"ဟု ၎င်းက ပြောသည်။

သင်တန်းတွင် ပါဝင်သူများမှတစ်ဆင့် ဘေးအန္တရာယ် စီမံခန့်ခွဲမှု အသိပညာများကို အခြားသော
ဒေသများတွင် ပြန်လည်ဆင့်ပွားစေသော စနစ်ကိုကျင့်သုံးစေခြင်းဖြင့် ကုန်ကျစရိတ်နည်းပါးစွာဖြင့်
အသိပညာရင်းမြစ်များကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးနိုင်မည့် နည်းလမ်းလည်း ဖြစ်ကြောင်း
သိရသည်။

ရာသီဥတုဖောက်ပြန်မှုနှင့် လူသားတို့၏ ဆောင်ရွက်မှုအချို့ကြောင့် ဘေးအန္တရာယ်ကျရောက်မှုများ
သည် ပိုမိုဆိုးရွားလာသည့်အတွက် လူသားတို့အနေဖြင့် အသက်ဆုံးရှုံးမှုနှင့် စီးပွားရေးအရ ဆုံးရှုံးမှု
များ တန်ဖိုးကြီးစွာ ပေးဆပ်နေရလျက်ရှိကြောင်း ကုလသမဂ္ဂ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ်
Mr Jan Eliassonက ဂျနီဖာမြို့၌ မေလ ၂၁ ရက်နေ့ ၌ကျင်းပသော လေးကြိမ်မြောက် ကမ္ဘာလုံး
ဆိုင်ရာ ဘေးအန္တရာယ်ကျရောက်နိုင်ခြေ လျှော့ချရေး နှီးနှောဖလှယ်ပွဲဆိုင်ရာ သတင်းစာရှင်းလင်းပွဲ
တွင် ပြောသည်။

ကုလသမဂ္ဂ ဘေးအန္တရာယ်ကျရောက်နိုင်ခြေ လျှော့ချရေးရုံး ခန့်မှန်းချက်အရ ၂၀၀၀ ပြည့်နှစ်မှ
စတင်ခါ ၁၃ နှစ်အတွင်း ကမ္ဘာတစ်ဝန်းတွင် ဘေးအန္တရာယ်များကြောင့် ဆုံးရှုံးမှုတန်ဖိုးမှာ
အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ထရီလျံခန့်ရှိကာ ဆိုင်ကလုန်းနှင့် ငလျင်ဘေးအန္တရာယ်များကြောင့်
နှစ်စဉ်ဆုံး ရှုံးမှုတန်ဖိုးမှာ ဒေါ်လာ ၁၈၀ ဘီလျံခန့်ရှိ ကြောင်း ဖော်ပြသည်။

"ဒါကြောင့် ဘေးအန္တရာယ်ကျရောက်နိုင်ခြေ လျှော့ချရေးမှာ ပိုမိုရင်းနှီးမြှုပ်နှံဖို့လိုပါတယ်။ ဒါက
ရင်းနှီးမြှုပ်နှံရကျိုးနပ်တဲ့ သာဓက တွေလည်းရှိပါတယ်။ ၁၉၉၁ ခုနှစ်မှာ ဘင်္ဂလားဒေရှ့်မှာ လူပေါင်း
၁၉၀,၀၀၀ ကျော်လောက် ရေနစ်သေဆုံးခဲ့ပါတယ်။ ဒီနောက်ပိုင်း ကြိုတင်ပြင်ဆင်မှုအနေနဲ့ သတင်း
ဖြန့်ဝေရေး စနစ်တွေ၊ မိုးလေ၀သကြိုတင်သတိပေးစနစ်တွေ၊ နည်းစနစ်တကျ အဆောက်အအုံ
တည်ဆောက်တာတွေ ဆောင်ရွက်လာတဲ့အတွက် ဆုံးရှုံးမှုတွေဟာ ၁၉၉၁ ခုနှစ်ထက်စာရင် သိသိ
သာသာ လျှော့ကျသွားခဲ့ပါတယ်။ ဘေးအန္တရာယ် ကျရောက်နိုင်ခြေလျော့ချရေးမှာ ရင်းနှီးမြှုပ်နှံတာ
ဟာ ဖွံဖြိုးတိုးတက်မှုအတွက် အခြေခံအုတ်မြစ် တည်ဆောက်ခြင်းပဲဖြစ်ပါတယ်" ဟု ၎င်းက
ပြောသည်။

ဘေးအန္တရာယ်များကို ရင်ဆိုင်ရှင်သန်နိုင်ရန် ရပ်ရွာလူထုပါဝင်သော လေ့ကျင့်သင်တန်း ပို့ချမှုများ
ကိုလည်း ပိုမိုဆောင်ရွက်ရန်လိုအပ်ကြောင်း နှီးနှောဖလှယ်ပွဲတွင် ပါဝင်တက်ရောက်သူများက
ပြောကြားခဲ့သည်။

No comments :
Post a Comment