Blogger Widgets

Monday, 6 May 2013

ဘင်္ဂလားဒေ့ရှ် တိုက်ပြိုမှုမှာ သေဆုံးသူ ၆၀၀ ကျော်သွား

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ​ဒါကာမြို့က ​၈ ​ထပ်တိုက်အဆောက်အဦး ​အပြိုအပျက်တွေကြားမှာ ​မနေ့က ​ရုပ်အလောင်းတွေထပ်ပြီးတွေ့ခဲ့ရတဲ့အတွက် ​သေဆုံးခဲ့ရသူအရေအတွက် ​၆၀၀ ​ကျော်ခဲ့တယ်လို့ ​သိရပြီဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ​၁၃ ​ရက်အကြာက ​ပြိုကျပျက်စီးခဲ့တဲ့ ​၈ ​ထပ်တိုက်အဆောက်အဦး ​အပြိုအပျက်တွေကို ​စက်ယန္တရားတွေသုံးပြီး ​ရှုင်းလင်းနေတာကို ​ရာနဲ့ချီတဲ့ ​သေဆုံးသူတွေရဲ့ ​မိသားစုဝင်တွေက ​စောင့်ကြည့်နေခဲ့ကြပါတယ်။
အဆောက်အဦးပြိုကျမှုနဲ့ပတ်သက်ပြီး ​ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ​စုံစမ်းစစ်ဆေးရဲ့အဖွဲ့ရဲ့ ​ကနဦးအစီရင်ခံစာမှာ ​၈ ​ထပ်တိုက်ရဲ့ ​အပေါ်ဖက်အထပ်တွေမှာ ​အကြီးစားမီးစက်တွေတပ်ဆင်လည်ပတ်ခဲ့တဲ့အတွက် ​မီးစက်တွေရဲ့ ​တုန်ခါမှုဒဏ်ကြောင့် ​အဆောက်အဦးပြိုကျခဲ့တာဖြစ်နိုင်တယ်လို့ ​ဖေါ်ပြခဲ့ပါတယ်။
၈ ​ထပ်တိုက်အဆောက်အဦးပုံစံရေးဆွဲခဲ့တဲ့ ​ဗိသုကာပညာရှင်ကလည်း ​အဆောက်အဦးပိုင်ရှင် ​Sohel ​Rana ​ဟာ ​ဗိသုကာပုံစံထုတ်ထားတဲ့အတိုင်း ​မလိုက်နာခဲ့ပဲ ​လုပ်ချင်ရာလုပ်ခဲ့တဲ့အတွက် ​အဆောက်အဦးပြိုကျခဲ့ရတာဖြစ်တယ်လို့ ​စွပ်စွဲထားပါတယ်။
ကနဦးဗိသုကာပုံစံအရ ​၆ ​ထပ်တိုက်အဆောက်အဦးအဖြစ်သာ ​ဒီဇိုင်းပုံစံဆွဲခဲ့တာဖြစ်ပြီး ​ရှော့ပင်းဈေးဆိုင်တွေနဲ့ ​ရုံးခန်းတွေဖွင့်ဖို့ ​အတွက်သာ ​ပုံစံထုတ်ခဲ့တာဖြစ်ပြီး ​အကြီးစားမီးစက်တွေ ​အထပ်မြင့်မှာတင်ပြီး ​လည်ပတ်ဖို့ ​ပုံစံထုတ်ထားတာမဟုတ်တဲ့အကြောင်း ​ဗသုကာပညာရှင် ​Masood ​Reza ​က ​ပြောခဲ့ပါတယ်။
၈ ​ထပ်တိုက်အဆောက်အဦးမှာ ​အထည်ချုပ်စက်ရုံတွေမှာ ​အလုပ်သမားပေါင်းများစွာနဲ့ ​လည်ပတ်နေခဲ့တာဖြစ်ပြီး ​အဆောက်အဦးပိုင်ရှင် ​Sohel ​Rana ​ဟာ ​အဆောက်အဦးစည်းမျဉ်းတွေကို ​မလိုက်နာမှု၊ ​ပေါ့ဆမှုကြောင့် ​လူတွေအသက်သေဆုံးရမှုတွေနဲ့ ​စွဲချက်တင်ခံနေရတာ ​ဖြစ်ပါတယ်။

No comments :

Post a Comment

Blogger Widgets
Back to Top