မန်မာနိုင်ငံ၌
၂၀၁၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော မှုခင်းများတွင် မုဒိမ်းမှုသည်
ဒုတိယအများဆုံးဖြစ်ပေါ်ခဲ့ပြီး မုဒိမ်းမှုကျူးလွန်သူများကို ထိရောက်သည့်
ပြစ်ဒဏ်များဖြင့် ချမှတ်သင့်ကြောင်း ဥပဒေပညာရှင်များကဆို သည်။
"အပြစ်ရှိတဲ့သူကို
ထိရောက်တဲ့ ပြစ်ဒဏ်မျိုးပေးသင့်တယ်။ အခုက အဲ့ဒီလိုမဟုတ်ဘူး။
အချို့အမှုတွေဆို ငွေဒဏ် နဲ့ပြီးသွားတာတွေ၊
ပိုက်ဆံရှိလို့ပြီးသွားတာတွေရှိတယ်။ တရားရုံးတွေက တရားသူကြီးတွေကလည်း
လိုက်နာမှု အားနည်းတာတွေရှိတယ်"ဟု ကမာရွတ်မြို့နယ်မှ အထက်တန်းရှေ့နေ တစ်ဦးက
ပြောသည်။
မြန်မာနိုင်ငံတွင်
ဖြစ်ပွားလျက်ရှိသော မှုခင်းကြီး (၁၀)မျိုးမှာ လူသတ်မှု ၊မုဒိမ်းမှု ၊ ဓားပြမှု
၊ လုယက်မှု ၊ ဖောက်ထွင်းမှု ၊ ပြန်ပေးဆွဲမှု ၊ တိရစ္ဆာန်ခိုးမှု ၊
နိုင်ငံတော်ပုန်ကန်မှု ၊ လက်နက်မှု နှင့် မတရားအသင်းဖွဲ့စည်းမှု တို့ဖြစ်သည်။
၂၀၁၂ခုနှစ်အတွင်း
မြန်မာနိုင်ငံ၌ လူသတ်မှုမှာ (၁၃၂၃)မှု ၊ မုဒိမ်းမှုမှာ (၆၅၄)မှု ၊
မတရားအသင်းဖွဲ့စည်းမှု (၁၀၃)မှု ၊ လုယက်မှု (၉၁)မှု ဖြစ်ပေါ်ခဲ့ကြောင်း
မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ စာရင်းထုတ်ပြန်ချက်အရ သိရှိရသည်။
“အရင်ကဆိုရင်
ဂိမ်းဆိုင်တွေကို သူ့အကိုတွေနဲ့လွှတ်တယ် ဒါပေမယ့် အခုမလွှတ်တော့ဘူး ၊
လက်ရောက်မှုတွေများလာတာတွေ ကြားရတယ်။ ခုနှစ်နှစ် ၊ ရှစ်နှစ် ကလေးတွေကို
ဟိုကိုင်ဒီကိုင်လုပ်တာတွေ ၊ မုဒိမ်းမှုတွေ ဖြစ်လာလို့လေ ၊ ဒီအရွယ်တွေက
မှန်လားမှားလားဆိုတာ မစဉ်းစားနိုင်တဲ့အရွယ်ဆိုတော့ ဒီအရွယ်မှာ
မုဒိမ်းကျင့်ခံလိုက်ရရင် ပန်းကောင်းအညွှန့်ကျိုးပြီး
သူ့ဘ၀တစ်လျှောက်လုံးသွားပြီလေ “ ဟု ကြည်မြင့်တိုင်မြို့နယ်နေ မိဘတစ်ဦးက
ပြောသည်။
မုဒိမ်းမှုအဖြစ်များလာရခြင်းမှာ
ညစ်ညမ်းခွေများနှင့် ဓါတ်ပုံများမှ လှုံဆော်ပေးနေခြင်း၊
နိုင်ငံခြားယဉ်ကျေးမှု များအား လက်ခံကျင့်သုံးလာခြင်း၊ စိတ်ကြွဆေးများမှ
ကာမစိတ်များအား လှုံ့ဆော်ပေးခြင်း နှင့် မှုခင်းဖြစ်ပွားပြီးပါက
ကာယံကံရှင်များအနေဖြင့် ပွင့်လင်းမှုမရှိခြင်းများက မုဒိမ်းမှုဖြစ်စဉ်များအား
တွန်းအား ပေးနေခြင်းကြောင့် ဖြစ် သည်ဟု ဥပဒေပညာရှင် အသိုင်းအ၀ိုင်းများက
သုံးသပ်ပြောဆိုသည်။
"အခုအမျိုးသမီးတွေ
ဝတ်စားလာတဲ့ ပုံစံတွေက ပြောင်းလဲလာတယ်။ ဒါတွေက မုဒိမ်းမှုကို တွန်းအားပေးနေ
သလိုဖြစ်နေမလား၊ အခုနောက်ပိုင်းဆို ၀တ်စားဆင်ယင်မှုက ပိုပြီးဆိုးလာကြတယ်။
လူပြတ်တဲ့ နေရာတွေကိုသာ အဲ့ဒီလိုအ၀တ်အစားနဲ့ဆို
ဘယ်လိုဖြစ်နိုင်မလဲမသိဘူး။"ဟု စီးပွားရေးနှင့် ဥပဒေလမ်းညွှန် ဦးတင်သန်းဦး
(ဥပဒေပညာရှင်)က ပြောသည်။
မုဒိမ်းမှုများကို
စီရင်ချက်ချရာ၌လည်း အမျိုးသားများမှ မုဒိမ်းမှုမကျူးလွန်စေရန်နှင့်
အမျိုးသမီးများ ကျူးလွန်မှုမခံရစေရန်အတွက် ထိရောက်သောပြစ်ဒဏ်များ
ချမှတ်ရန်လိုအပ်ကြောင်း၊ နိုင်ငံတော်အစိုးရနှင့် မိဘများက ပူးပေါင်း၍
အသိပညာပေးခြင်း၊ ညစ်ညမ်းခွေများရောင်းချနေမှုများကို တားမြစ်ခြင်း၊ တရားမ၀င်
စိတ်ကြွဆေးရောင်းချနေမှုများအား ဖမ်းဆီး အရေးယူခြင်းစသည့်တို့ကို
ပြုလုပ်သင့်ပြီး ကြုံတွေ့ရသူများ အနေဖြင့်လည်း ဖြစ်ရပ်များကို ပွင့်လင်းစွာ တိုင်ချက်ဖွင့်ရန်လိုအပ်ကြောင်း ဥပဒေ ပညာရှင်များက အကြံပြု ပြောဆိုသည်။
မုဒိမ်းမှုကျူးလွန်သူများအနေဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ(၃၇၆)အရ ထောင်ဒဏ်(၁၀)နှစ် (သို့) တစ်သက် တစ်ကျွန်းကျခံရမည် ဖြစ်သည်။
မြန်မာနိုင်ငံတွင်
မုဒိမ်းမှုသည် ၂၀၁၀ ခုနှစ်တွင် (၃၇၇)မှု၊ ၂၀၁၁ ခုနှစ်တွင် (၆၅၀)မှုနှင့် ၂၀၁၂
ခုနှစ်တွင် (၆၅၄)မှု ဖြစ်ပွားခဲ့ပြီး ၂၀၁၃ ခုနှစ် ပထမ(၄)ပတ်တာကာလအတွင်း
မုဒိမ်းမှု(၅၇)မှု ဖြစ်ပွားခဲ့ကာ ကျူးလွန်ခံရသူများထဲမှ ထက်ဝက်ခန့်မှာ
အသက်မပြည့်သေးသူများဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သိရှိရသည်။

No comments :
Post a Comment