Blogger Widgets

Thursday, 4 July 2013

ဥပဒေ ဘာသာရပ်ကို ရမှတ်တိုးမြှင့်ပြီးမှ ၀င်ခွင့်ပေးရန် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ လုပ်ဆောင်မည်

ဥပဒေဘာသာရပ်ကို ရမှတ်တိုးမြှင့်ပြီးမှ တက္ကသိုလ်ဝင်ခွင့်ပေးရန် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၏ အတွင်းရေးမှူး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ဇူလိုင် ၃ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေး မစတင်မီ The Daily Eleven သို့ ပြောကြားသည်။
"ဟိုးတုန်းက ဥပဒေပညာ ဘာသာရပ်ဝင်ခွင့်က အမှတ်နည်းတယ်လေ။ အမှတ်နည်းတဲ့ အခါကျတော့ ကျန်တဲ့ဘာသာရပ် ပညာတွေနဲ့ စာရင်းဥပဒေပညာက အမှတ်နည်းတဲ့လူ အများစုဆီ ရောက်သွားရောလေ။ ဥပဒေ ပညာကလည်း ပိုပြီးနက်နဲ ခက်ခဲတယ်။ အမှတ်နည်းတဲ့ လူတွေဆီ ရောက်သွားတော့ ပိုပြီးခက်ခဲ သွားနိုင်တယ်။ အဲဒီတော့ ဥပဒေပညာ ဘာသာရပ်ကို ယူတဲ့အခါမှာ အမှတ်များများနဲ့ ယူနိုင်ဖို့ ကော်မတီဥက္ကဋ္ဌနဲ့ ပညာရေး ၀န်ကြီးဌာနနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်" ဟု ဦးဝင်းမြင့်က ပြောကြားသည်။
ထို့ပြင် ဥပဒေပညာကို အဆင့်မြှင့်တင်ရန်အတွက် ကော်မတီမှ ဥပဒေပညာနှင့် ပတ်သက်၍ ထူးချွန်သူများအား နိုင်ငံတကာသို့ ပို့လွှတ်၍ ဆက်လက်ဆည်းပူးစေပြီး အဆင့်မြှင့်တင် စေနိုင်ရန် စေလွှတ်ခြင်း၊ နိုင်ငံတကာမှ ပညာရှင်များ၊ တတ်သိနားလည် သူများအားလည်း လာရောက်သင်ကြား စေခြင်းများလည်း ပြုလုပ်မည်ဖြစ်ကြောင်း ဦးဝင်းမြင့်က ဆက်လက်ပြောကြားသည်။
အဆိုပါကော်မတီမှ ယင်းဥပဒေပညာနှင့် သက်ဆိုင်သော အချက်အလက်များနှင့် ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များ နှစ်ပတ်လည် အစီရင်ခံစာကို ပြည်သူ့လွှတ်တော်ထံသို့ လာမည့်သြဂုတ် လဆန်းပိုင်းတွင် တင်သွင်းနိုင်ဖွယ်ရှိကြောင်း သိရသည်။

No comments :

Post a Comment

Blogger Widgets
Back to Top