ရန်ကုန်မြို့တော် ခန်းမအား ဇွန်လလယ်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ထင်)
ရန်ကုန်မြို့တော်ခန်းမ အနီးဝန်းကျင်ရှိ ရှေးဟောင်းအဆောက် အအုံများတွင်
၎င်းတို့၏ သမိုင်းဆိုင်ရာ အချက်အလက်များကို ကမ္ပည်းရေးထိုး သွားမည်ဖြစ်ပြီး
ပထမဆုံး ရန်ကုန်မြို့တော်ခန်းမအား ပြုလုပ်စေမည်ဖြစ်ကြောင်း ရန်ကုန်မြို့
ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့မှ ဒါရိုက်တာ ဒေါ်မို့မို့လွင်၏
ပြောကြားချက်အရ သိရသည်။
ယင်းသို့ ကမ္ပည်းရေးထိုး နိုင်ရန်အတွက် အဆိုပါ အဆောက်အအုံများ၏
သမိုင်းဆိုင်ရာ အချက်အလက်များကို စုစည်းနေကြောင်း၊ နောက်နှစ်လအတွင်း
စတင်ရေးထိုးနိုင်ရန် ခန့်မှန်းထားကြောင်းလည်း သိရသည်။ အဆိုပါ
ရှေးဟောင်းအဆောက်အအုံများ ကမ္ပည်းရေးထိုးခြင်းကို ရန်ကုန်မြို့
ရှေးဟောင်းအမွေအနှစ်များ ထိန်းသိမ်းရေး အဖွဲ့နှင့် ကမ္ဘာကျော် philips
ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်မည် ဖြစ်သည်။
"ရှေးဟောင်း အဆောက်အအုံတွေမှာ ကမ္ပည်းမော်ကွန်း ရေးထိုးခြင်းကို
နောက်နှစ်လလောက်မှာ စလုပ်နိုင်ဖို့ မှန်းထားပါတယ်။ အဓိကကတော့
ရန်ကုန်မြို့တော် ခန်းမအနီးဝန်းကျင်က ရှေးဟောင်းအမွေအနှစ်
အဆောက်အအုံတွေကိုပါ။ ပထမဆုံးစပြီး ကမ္ပည်းထိုးမယ့် အဆောက်အအုံကတော့
ရန်ကုန်မြို့တော် ခန်းမပါ။ အဲဒီအတွက်ကိုလည်း ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီနဲ့ ညှိနှိုင်းပြီးသွားပါပြီ။ အခုတော့
အဲဒီအဆောက်အအုံတွေနဲ့ ပတ်သက်တဲ့ သမိုင်းအချက်အလက်တွေကို စုဆောင်းနေပါတယ်။
ပြီးတော့ ကမ္ပည်းထိုးမယ့် Materials တွေကို စမ်းသပ်တာတွေ လုပ်နေပါတယ်" ဟု
ရန်ကုန်မြို့ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေး အဖွဲ့မှ ဒါရိုက်တာ
ဒေါ်မို့မို့လွင်က ပြောပြသည်။
ထိုသို့ ရှေးဟောင်းအဆောက်အအုံများကို ကမ္ပည်းရေးထိုးခြင်းအား မြန်မာ၊
အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးထိုးမည်ဖြစ်ပြီး နိုင်ငံခြားသား ခရီးသွား
ဧည့်သည်များလည်း ၎င်းတို့ စိတ်ဝင်စားသည့် ရှေးဟောင်းအဆောက်အအုံ၏
သမိုင်းအချက်အလက်များကို လေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။
ကျောက်တံတား၊ ပန်းဘဲတန်း၊ ဗိုလ်တထောင်မြို့နယ်များသည် ရှေးဟောင်း
အမွေအနှစ် အဆောက်အအုံ အများဆုံးရှိသည့် မြို့နယ်များဖြစ်ပြီး
ရန်ကုန်မြို့တော်တွင် ရှေးဟောင်း အမွေအနှစ်အဆောက်အအုံ ၁၈၉ လုံးရှိကြောင်း
သိရသည်။

No comments :
Post a Comment