မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်နှုန်းဟာ
ယခုဘဏ္ဍာနှစ် (၂၀၁၃-၂၀၁၄)မှာ ၆.၇၅ ရာခိုင်နှုန်းရှိနိုင်တယ်လို့
အိုင်အမ်အက်ဖ်ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နိုင်ငံရဲ့ ဝင်ငွေဟာ သဘာဝဓါတ်ငွေ့ ရောင်းချမှုနဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေကနေ အဓိက ဝင်နေပါတယ်။
ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် (၂၀၁၂-၂၀၁၃ ခုနှစ် မတ်လအထိ) မှာ စီးပွားရေး တိုးတက်မှုနှုန်းဟာ ၆.၅ ရာခိုင်နှုန်း ရှိခဲ့ကြောင်း သတင်း ထုတ်ပြန်ချက်မှာ တွေ့ရတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံခြားငွေကြေးဆိုင်ရာ မူဝါဒကို ပြောင်းလိုက်တာဟာ ကြီးမားတဲ့ ခြေလှမ်းတစ်ခု ဖြစ်ပါတယ်။ ပုဂ္ဂလိကဘဏ်တွေနဲ့ ငွေလဲကောင်တာတွေ ဖွင့်ခွင့်ပေးခဲ့တယ်။
ဗဟိုဘဏ်က ဒေါ်လာဈေးကို နှုန်းရှင်သတ်မှတ်ပေးလိုက်တဲ့နောက် ငွေကြေးဈေးကွက်နဲ့ ကုန်သွယ်မှု ပမာဏတွေ တိုးတက်လာခဲ့ပါတယ်။ လက်ရှိ အစိုးရရည်မှန်းထားသလို ဂျီဒီပီ တိုးနှုန်းဟာ တစ်နှစ်ကို ရှစ်ရာခိုင်နှုန်း တိုးမယ်ဆိုရင် လာမယ့် ၂၀၃၀ အထိ တိုင်းပြည်ဝင်ငွေဟာ ဒေါ်လာ ၂၀၀ ဘီလျံထက် ပိုများနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
အဲသည် တိုးတက်နှုန်းဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ် (၁၉၉၀-၂၀၁၀) ထက် နှစ်ဆ ပိုများနေပါတယ်။ တိုင်းပြည်ဝင်ငွေ ဒေါ်လာ ၂၀၀ ဘီလျံရှိတဲ့အထဲက ဒေါ်လာ ၁၀၀ ဘီလျံဟာ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကနေ ဝင်နိုင်တယ်လို့ မြန်မာ့စီးပွားရေး လေ့လာနေတဲ့ မက်ကင်စီးဂလိုဘယ် အင်စတီကျူ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မက်ကင်စီးဂလိုဘယ် အင်စတီကျူ့ရဲ့ အရှေ့တောင်အာရှဆိုင်ရာ လက်ထောက်ဒါရိုက်တာ Heang Chhor က “မြန်မာနိုင်ငံ ပြည်တွင်းစီးပွားရေး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ နိုင်ငံရေး တည်ငြိမ်ဖို့၊ လုံခြုံမှုရှိဖို့ စတာတွေက မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ အက်ဖ်ဒီအိုင် တိုးတက်ဖို့ အဓိကကျတယ်” လို့ သတင်းထုတ်ပြန်ချက်မှာ ပြောပါတယ်။
၂၀၁၀ ကနေ ၂၀၃၀ ခုနှစ်အထိ စီးပွားရေး တိုးတက်နှုန်းကို တွက်ချက်ရာမှာ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းနဲ့ ဆက်သွယ်ရေးကဏ္ဍတွေက ၂၃ ရာခိုင်နှုန်း၊ ခရီးသွားလုပ်ငန်းက ၁၇ ရာခိုင်နှုန်း၊ ထုတ်လုပ်ရေးက ၁၀ ရာခိုင်နှုန်းနဲ့ အခြေခံအဆောက်အအုံတွေမှာ ရှစ်ရာခိုင်နှုန်း တိုးတက်နိုင်တယ်လို့ မက်ကင်စီးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားကြောင်း ၂၀၁၃ ခုနှစ် မေလ ၃၁ ရက်နေ့ထုတ် မော်ဒန် သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments :
Post a Comment