ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့မှ ကချင်ပြည်နယ်အတွင်း နှစ်ဖက်တပ်များက
စစ်ပွဲအတွင်း၌ အသုံးပြုခဲ့သည့် ကျည်ခွံများကို စုဆောင်းသွန်းလုပ်ထားသော
ဗုဒ္ဓရုပ်ပွားတော်နှင့် လက်ဝါးကပ်တိုင်ကို ဇွန် ၂၁ ရက် မွန်းလွဲပိုင်းက
လိုင်ဇာမြို့သို့ ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။
ရုပ်ပွားတော်နှင့် လက်ဝါးကပ်တိုင် ပို့ဆောင်ရေး အဖွဲ့ကို လိုင်ဇာမြို့
စစ်ဆင်ရေး ကွပ်ကဲမှူးရုံးက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ပြီး
ရုပ်ပွားတော်မှာ သီတင်းသုံးထားရှိရန် နေရာအတည်တကျ မဖြစ်သေးသောကြောင့်
ပြန်လည်ပင့်သင့်ကြောင်းနှင့် ကျည်ခွံဖြင့် ပြုလုပ်ထားသော
လက်ဝါးကပ်တိုင်ကိုမူ အထက်သို့ အဆင့်ဆင့် ခွင့်တောင်းပြီး ဓမ္မဘဏ္ဍာ
လက်ဆောင်အဖြစ် ပေးအပ်နိုင်ခဲ့ကြောင်း ပို့ဆောင်သူများက ပြောကြားသည်။
၎င်းကိစ္စနှင့် ပတ်သက်၍ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့မှ ဦးဝင်းချိုက
"ကျွန်တော်တို့ စိတ်ထဲမှာတော့ လိုင်ဇာဒေသခံတွေ ပူဇော်ဖို့ အသင့်မဖြစ်ရင်
ပြန်လည်ပင့်ဆောင်ဖို့ ရည်ရွယ်ထားပါတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ဟာ
ငြိမ်းချမ်းရေး တစ်ခုတည်းကိုပဲ ဦးတည်ပြီး လာခဲ့တာသိကြတော့ မှတ်တမ်းတင်
ဓာတ်ပုံတွေ ရိုက်ပါတယ်။ ဒေသခံတွေက ပူဇော်ဖို့ နေရာအဆင်သင့် မဖြစ်သေးဘူး။
အဆင်သင့်ဖြစ်တဲ့ အခါကျရင် ပူဇော်ဖို့ ကြိုးစားမယ်လို့ ကျွန်တော်တို့ကို
ပြောပါတယ်။ ကျွန်တော်တို့ကတော့ အစကတည်းက စီမံချက်အတိုင်း လိုင်ဇာမှာ
မထားဖြစ်ခဲ့ရင် ရုပ်ပွားတော်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို
ဓမ္မလက်ဆောင်ပေးဖို့ ရည်ရွယ်ထားပါတယ်" ဟု ပြောကြားသည်။
ဒေသခံတွေက ပူဇော်ဖို့ နေရာအဆင်သင့် မဖြစ်သေးဘူး။ အဆင်သင့်ဖြစ်တဲ့ အခါကျရင် ပူဇော်ဖို့ ကြိုးစားမယ်လို့ ကျွန်တော်တို့ကို ပြောပါတယ်။ ကျွန်တော်တို့ကတော့ အစကတည်းက စီမံချက်အတိုင်း လိုင်ဇာမှာ မထားဖြစ်ခဲ့ရင် ရုပ်ပွားတော်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဓမ္မလက်ဆောင်ပေးဖို့ ရည်ရွယ်ထားပါတယ် . . . . . |
၎င်းရုပ်ပွားတော်နှင့် ပတ်သက်၍ ဒေသစာရီ ကြွချီအလှူခံခြင်း မဟုတ်သည့်အတွက် အလှူငွေများ လက်ခံထားခြင်း မရှိဟုလည်း ၎င်းကဆိုသည်။
ကချင်ပြည်နယ် လိုင်ဇာမြို့သို့ ရန်ကုန်မြို့မှ လမ်းလျှောက်အဖွဲ့သည်
ရန်ကုန်မြို့မှ လိုင်ဇာမြို့သို့ ယခုနှစ် ဇန်န၀ါရီ ၁၃ ရက်မှ မတ် ၁၇ ရက်အထိ
ရက်ပေါင်း ၆၄ ရက်ကြာ မိုင်ပေါင်း ၈၀၂ မိုင်ခရီးကို လူ ၁၂၈ ယောက်
လမ်းလျှောက်ခဲ့ရာတွင် ကချင်ပြည်နယ် အတွင်းရှိ နှစ်ဖက်တပ်များ
အသုံးပြုခဲ့သော ကျည်ခွံများကို အမှတ်တရ ယူဆောင်ခဲ့ရာမှ ယခုကဲ့သို့
စုပေါင်း၍ ဆင်းတုတော်နှင့် လက်ဝါးကပ်တိုင် ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဗုဒ္ဓရုပ်ပွားတော်နှင့် လက်ဝါးကပ်တိုင် ပို့ဆောင်သူများသည် Action Time
Foundation နှင့်အတူ လိုင်ဇာမြို့သို့ ဇွန် ၂၁ ရက် နံနက်ပိုင်းက
သွားရောက်ခဲ့ပြီး မြစ်ကြီးနားမြို့သို့ ညပိုင်းတွင် ပြန်လည်ရောက်ရှိ
လာခဲ့သည်။
"Action Time Foundation က အဖွဲ့ဝင် ငါးဦးကတော့ ကလေးတွေအတွက်
အလှူတွေပေးမယ်။ သီချင်းဆို၊ ပုံပြောစတဲ့ ဖျော်ဖြေရေးတွေ လုပ်ဦးမယ်။
ပရိုဂျက်တာတွေလည်း ပါသွားတယ်။ သူတို့ကတော့ လိုင်ဇာမှာ နောက်ထပ်
နှစ်ရက်သုံးရက်လောက် ကြာမယ်" ဟု ဆရာတော် ဦးဝိသုတက မိန့်ကြားသည်။

No comments :
Post a Comment