ရာဂဏန်းထိရှိနေသော မွတ်စ်လင်မ်တက္ကစီသမားများ
၎င်းတို့၏သာသနာ့တာဝန်ဆောင်ရွက်ရန် လွယ်ကူစေရေးအတွက်
ဆန်ဖရန်စစ္စကိုအပြည်ပြည်ဆိုင်ရာလေဆိပ်မှ
ကိုယ်လက်သန့်စင်ဆေးကြောရာနှင့်ဝတ်ပြုရာ နေရာတစ်ခုကို သတ်မှတ်ပေးလိုက်သည်။
မွတ်စ်လင်မ်ဒရိုင်ဗာတစ်ဦးဖြစ်သော ယီမင်နိုင်ငံမှအဟ်မဒ် အလ်ဂဇာလီ(၄၉
နှစ်)က “ ကျွန်တော်တို့ အထူးပျော်ရွှင်မိပါတယ် ” ဟု San Francisco Chronicle
သို့ ပြောကြားခဲ့သည်။
မွတ်စ်လင်မ်တက္ကစီသမားတို့၏ပုံမှန်ဝတ်ပြုမှုဆောင်ရွက်နိုင်ရေးအတွက်
ကားရပ်နားစခန်းရှိနေရာတစ်ခုအား စီစဉ်သတ်မှတ်ရန် လေဆိပ်အာဏာပိုင်များက
ဆုံးဖြတ်ခဲ့ကြသည်။
Royal Cab ၏ ကားမောင်းသူ ပါကစ္စတန်မှပြောင်းရွှေ့အခြေချသူ ဟစံန်ခန်း(၅၂
နှစ်)၏ မေတ္တာရပ်ခံပန်ကြားချက်အပေါ် တုန့်ပြန်ဆောင်ပေးမှုဖြစ်ကြောင်းသိရသည်။
မွတ်စ်လင်မ်တက္ကစီမောင်းသူများသည် နေ့တစ်ဓူဝ၏အချိန်များစွာကို
ခရီးသည်များအတွက် ၀န်ဆောင်ပေးနေကြသည်။ ၄င်းတို့၏
ဝူဿွူ(၀တ်ပြုရန်ကိုယ်လက်သန့်စင်မှု)အတွက် ရေပုံးကြီးများကို
သယ်ဆောင်လာလေ့ရှိကြသည်။ သို့မဟုတ်ပါက နားနေဆောင်၏သန့်စင်ခန်းကို
အသုံးပြုကြရသည်။ ထိုအချက်မှာ လေယာဉ်စီးခရီးသည်များ မနှစ်မြို့လှချေ။
ထို့ကြောင့် လေဆိပ်အာဏာပိုင်များက ပင်မယာဉ်ရပ်နားစခန်း၏မြေညီထပ်၌
ရေသုံးသန့်စင်ခန်းတစ်ခု ထည့်သွင်းစေလျှင် ၄င်းတို့အား ကူညီရာရောက်စေသည်ဟု
ဆုံးဖြစ်ခဲ့ခြင်းဖြစ်သည်။ ယင်းသန့်စင်ခန်းနှင့်ကပ်လျက်တွင်
တက္ကစီသမားတို့စုပေါင်းဝတ်ပြုနိုင်မည့်နေရာတစ်ခုကိုလည်း သတ်မှတ်ပေးခဲ့သည်။
မွတ်စ်လင်မ်တို့သည် တစ်နေ့လျှင် ငါးကြိမ်ဝတ်ပြုကြရ၏။ အကြိမ်တိုင်းတွင်
ရကအသ် ဟုခေါ်သော ၀တ်ပြုနည်းစဉ်အကျော့အရေအတွက် ကိုယ်စီရှိကြသည်။
ယင်းငါးကြိမ်ဝတ်ပြုမှုကို တစ်နေ့နှင့်တစ်ညဥ့်အတွင်း အချိန်
ငါးချိန်ပိုင်းခြားသတ်မှတ်ထားသည်။ အရုဏ်ချိန်ဝတ်ပြုမှုကို ဖဂျရ်၊
နေ့လည်မွန်းတိမ်းချိန်ဝတ်ပြုမှုကို ဇုဟ်ရ်၊ ညနေခင်းချိန်ဝတ်ပြုမှုကို အဆ်ွရ်၊
နေ၀င်ချိန်ဆည်းဆာချိန်ဝတ်ပြုမှုကို မဂရစ်ဗ်၊ ညဥ့်ဦးမှ သန်းခေါင်မတိုင်မီ
ဝတ်ပြုမှုကို အိရှာ ဟုခေါ်ဆိုကြသည်။
သက်ဆိုင်ရာကုမ္ပဏီအား ၀န်ထုပ်ဝန်ပိုးဖြစ်စေသောထိခိုက်မှုမဟုတ်လျှင်
လုပ်သားများသည် မိမိတို့၏ဘာသာရေးကျင့်ရပ် ထုံးတမ်းအားဆောင်ရွက်နိုင်ကြောင်း
နိုင်ငံတော်နှင့်ပြည်နယ် ဥပဒေက ပြဋ္ဌာန်းခွင့်ပြုထားသည်။
လူ့အခွင့်အရေးဥပဒေဆိုင်ရာသုံးသပ်မှု
ဝန်ဆောင်မှုပေးနေသောမွတ်စ်လင်မ်များနှင့် ကောင်းမွန်သည့်ဆက်ဆံရေးအား
ဆက်လက်ထိန်းသိမ်းသွားရန် အလိုရှိကြောင်း လေဆိပ်အာဏာပိုင်များက ဆိုသည်။
“ သယ်ယူပို့ဆောင်ရေးဝန်ဆောင်သူအခြေခံလူတန်းစားတွေနဲ့ ဆက်ဆံရေးကောင်းကို ဒီကိစ္စက ဆက်လက်ထိန်းသိမ်းသွားမယ်လို့ ကျွန်တော်တို့ မြင်ပါတယ်။ ၀တ်ပြုခန်းအတွက် ကုန်ကျစားရိတ်က မည်ကာမတ္တ သာ ဖြစ်ပါတယ်။ အခန်းအတွင်းပိုင်းက ရေပိုက်သွယ် ဆင်ယင်ပေးတာလောက်ဘဲ လုပ်ရပါတယ် ” ဟု လေဆိပ်ဆိုင်ရာ ပြောခွင့်ရပုဂ္ဂိုလ် Doug Yakel မှ ပြောပြသည်။

ဆန်ဖရန်စစ္စကိုအပြည်ပြည်ဆိုင်ရာလေဆိပ်၌ မွတ်စ်လင်မ်တို့အား
ကူညီထောက်ပံ့မည့် ၀တ်ပြုခန်းနှင့်ကိုယ်လက်ဆေးကြောသန့်စင်ခန်းအတွက်
အခွန်ငွေများကို အသုံးပြုသွားမည်ဖြစ်ကြောင်း၊
၎င်းနှင့်စပ်လျဉ်းသောဆောင်းပါးတစ်ပုဒ်ကို ဇွန်လ ၁၀ ရက်နေ့ထုတ်
ဝါရှင်တန်တိုင်းမ်သတင်းစာတွင် ဖော်ပြခဲ့သည်။
အမေရိကန်ပြည်ထောင်စု၌ မွတ်စ်လင်မ်ဦးရေ ၇ သန်းမှ ၈ သန်းအထိရှိနိုင်ကြောင်း ခန့်မှန်းထားကြသည်။
၉/၁၁ တိုက်ခိုက်မှုဖြစ်ပွားကတည်းက မိမိတို့မှာ အစ္စလာမ်ထုံးတမ်းဆင်ယင်မှု
သို့မဟုတ် ဟန်မူများကြောင့် ခွဲခြားနှိမ့်ချဆက်ဆံမှု နှင့်
တစ်ဖက်သတ်အထင်လွဲမှုခံနေကြရကြောင်း မွတ်စ်လင်မ်များစွာတို့မှ ဆိုကြသည်။
လွန်ခဲ့သည့်လ၊ (Pew Forum) မှပြုလုပ်ခဲ့သော ဘာသာရေး နှင့် လူထုဘ၀ရေးရာ
(Religion and Public Life) ကွင်းဆင်းသုတေသနပြုလေ့လာချက်တွင်
တွေ့ရှိရသည်မှာ အမေရိကန်မွတ်စ်လင်မ်များသည် ကမ္ဘာပေါ်တွင် အလယ်အလတ်လမ်းစဉ်၌
အကောင်းဆုံးရှိနေသူများဖြစ်ကြောင်းတွေ့ရသည်ဟု ဆိုလိုက်သည်။
ယေဘူယျအားဖြင့် အမေရိကန်မွတ်စ်လင်မ်များတွင် မိမိတို့၏ယုံကြည်မှု၌
ခိုင်မာစွာတည်ရှိကြပြီး၊ ခေတ်သစ်လူမှုဘ၀နှင့်ဘာသာရေးကိုင်းရှိုင်းမှုအကြား
ပဋိပက္ခဖြစ်အာင် ပြုလုပ်နေထိုင်သူများ မဟုတ်ကြောင်း ဤအချက်က ပြဆိုနေသည်။
အစောပိုင်းလေ့လာမေးမြန်းမှတ်တမ်းတင်ချက်များအရ
အမေရိကန်မွတ်စ်လင်မ်အများစုသည် မိမိတို့
တိုင်းပြည်အပေါ်သစ္စာရှိသူများဖြစ်ပြီး၊ အမေရိကန်ပြည်ထောင်စုတွင်းရှိ
မိမိတို့၏ အနာဂတ်အား အကောင်းမြင်ထားသူများဖြစ်ကြောင်း တွေ့ခဲ့ကြရသည်ဟု
ဆို၏။

No comments :
Post a Comment