Blogger Widgets

Sunday, 9 June 2013

ဖမ်းဝရမ်းအမိန့်ကို ရုပ်သိမ်းပေးဖို့ တောင်းဆို

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး တောင်းဆိုခဲ့ကြသူ ၁၅ ဦးအပေါ် ဖမ်းဝရမ်းထုတ်ထားတာကို ပြန်ရုပ်သိမ်းပေးဖို့ ပြည်သူ့အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးကော်မတီ(ရန်ကုန်)အဖွဲ့က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

ဖမ်းဝရမ်းထုတ်ထားခံရသူ ၁၅ ဦးကိစ္စနဲ့ ပတ်သက်လို့ ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့၊ မြန်မာနိုင်ငံ သတင်းထောက်ကွန်ရက်ရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး တောင်းဆိုလိုက်တာပါ။

ဖမ်းဝရမ်းအမိန့်ကို ပြန်ရုပ်သိမ်းပေးဖို့နဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာပါအချက်တွေကို ဝမ်ပေါင်နဲ့ ဦးပိုင်ကုမ္ပဏီတွေဘက်က လိုက်နာမှု မရှိသေးဘူးလို့လည်း ပြည်သူ့အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေး ကော်မတီအဖွဲ့ဝင် ဒေါ်နော်အုန်းလှက RFA ကို ပြောပါတယ်။

"ဒေသမှာ အေးချမ်းမှုမရှိတာတွေ၊ တရားဥဒေစိုးမိုးမှုမရှိတာတွေ၊ အဲဒါတွေနဲ့ ပတ်သက်လို့ လက်ရှိဖြစ်ပေါ်နေတဲ့ဒေသတွင်း အခြေအနေတွေကို ဒေသခံတွေလည်း လာရောက်ရှင်းလင်းတာရှိတယ်၊ အဓိကက ဖမ်းဝရမ်းထုတ်တဲ့အပေါ်မှာမတရားဘူး၊ နောက်ပြီး လက်ပံတောင်းတောင် စီမံကိန်းကော်မရှင် အစီရင်ခံစာမှာပါတဲ့အချက်တွေကို ကြေးနီစီမံကိန်း ထုတ်လုပ်တဲ့သူတွေဖြစ်တဲ့ ဦးပိုင်နဲ့ ဝမ်ပေါင်က ဆောင်ရွက်ခြင်းမရှိဘူးဆိုတာကို ထုတ်ပြန်တယ်"

ကြေးနီစီမံကိန်း ရပ်တန့်ဖို့ ဆန္ဒပြရာမှာ ဦးဆောင်သူ ဒေသခံရွာသား ၇ ယောက်နဲ့ ရန်ကုန်ကနေ ကြေးနီတောင်စီမံကိန်းဒေသမှာ သွားရောက်ကူညီဆောင်ရွက်ပေးနေကြတဲ့ ကိုဟန်ဝင်းအောင်၊ ကိုဝေဠု၊ ကိုသောင်းထိုက်တို့ အပါအဝင် ၈ ယောက်ကို ရွှေဘိုမြို့နယ် တရားရုံးက ဖမ်းဝရမ်း ထုတ်ထားတယ်လို့ သိရပါတယ်။

No comments :

Post a Comment

Blogger Widgets
Back to Top