Blogger Widgets

Friday, 2 October 2015

သီရိဒုံ ထားဝယ်ခရီးစဉ်ကြောင့် လမ်းဘေးဆိုင်များနှင့် အမိုးအဖီများ ဖျက်ရမည်

တနင်္သာရီ တိုင်းဒေသကြီးမြို့တော် ဖြစ်သည့် ထားဝယ်မြို့သို့ အောက်တိုဘာလ ၃ ရက်နေ့တွင် လာရောက်မည့် ထိုင်း ဘုရင့်သမီးတော် သီရိဒုံ၏ ခရီးစဉ်အတွက် ထားဝယ်တွင် ကျူးကျော်ဆိုင်များနှင့် ကျုးကျော် အမိုးအဖီများကို ဖျက်သိမ်းရန် ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ စက်တင်ဘာလ ၂၈ ရက်နေ့က အကြောင်းကြားထားကြာင်း စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။
တနင်္သာရီ တိုင်းဒေသကြီးမြို့တော် ဖြစ်သည့် ထားဝယ်မြို့သို့ ရက်ပိုင်းအတွင်း အရေးကြီးပုဂ္ဂိုလ်များ ရောက်လာမည် ဖြစ်၍ တိုင်းဒေသကြီးမြို့တော် အင်္ဂါရပ် နှင့်အညီ သန့်ရှင်းသပ်ရပ်မှု ရှိစေရေး၊ လမ်းမပိတ်ဆို့စေရေးနှင့် လမ်းဘေး ကျူးကျော်ဆိုင်များနှင့် ကျူးကျော်အမိုး အဖီများကြောင့် မြို့ကျက်သရေ မညှိုးနွမ်းစေရေးတို့ အတွက် လမ်းဘေးကျူးကျော် ဆိုင်နှင့် ကျူးကျော် အမိုးအဖီများကို စက်တင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံး ထား၍ ဖျက်သိမ်းရှင်းလင်းရန် အကြောင်းကြားထားကြောင်း ယင်းအကြောင်းကြား စာတွင်ဖော်ပြထားသည်။
“ယာယီသဘောပါပဲ။ ဆိုင်တိုင်းကို မဟုတ်ပါဘူး။ နောက်ဆုတ်လို့ရရင် နောက်ဆုတ်ပေးဖို့နဲ့ နောက်ဆုတ်ပေးဖို့ မရှိရင် ယာယီဖျက်ပြီး ၃ ရက်လောက်နေမှ ပြန်ဖွင့်ဖို့ ပြောတာပါ” ဟု ထားဝယ်မြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ထားဝယ်မြို့အတွင်း သီရိဒုံ သွားရောက်မည့် လမ်းများဖြစ်သည့် လေယာဉ်ကွင်းလမ်း၊ အာဇာနည်လမ်း၊ ရေးလမ်း၊ နိဗ္ဗာန်လမ်း၊ ဗိုလ်ချုပ်လမ်းနှင့် ကမြောကင်းလမ်း တစ်လျှောက်ရှိ လမ်းဘေးဈေးဆိုင်များကို အကြောင်းကြားစာများ ပေးပို့ထားကြောင်း စည်ပင်သာယာရေးအဖွဲ့ ထံမှ သိရသည်။
“နောက်ဆုံးထားပြီး ဖျက်ပေးရမယ့်ရက် ကိုပဲ ပြောတယ်။ ပြန်ဖွင့်လို့ ရမယ့်ရက် မပြောဘူး” ဟု ထားဝယ်မြို့၊ ရွှေတောင်စားလမ်းတွင် ကွမ်းယာရောင်းသူ တစ်ဦးက ပြောသည်။
၎င်းအပြင် ထိုင်းဘုရင့်သမီးတော် သီရိဒုံ ထားဝယ်မြို့သို့ လာမည့် ခရီးစဉ်ကြောင့် ၎င်းသွားမည့် လမ်းတစ်လျှောက်တွင် ဖုန်းတိုင်များ ထုံးသုတ်ခြင်း၊ လျော့ကျနေသည့် ဖုန်းကြိုးများကို ကြိုးဖြင့် ချည်နှောင်ခြင်း၊ ဓာတ်တိုင်၊ ဓာတ်ကြိုးနှင့် မလွတ်သည့် သစ်ပင် အကိုင်းအခက်များကို ခုတ်ခြင်း စသည်တို့ကို ပြီးခဲ့သည့် တစ်ပတ်ကတည်းက လုပ်ဆောင်နေကြောင်း သက်ဆိုင်ရာဌာန ဝန်ထမ်းအသိုင်းအဝိုင်း ထံမှ သိရသည်။
ထိုင်းဘုရင့်သမီးတော် မဟာချက်ကရီ သီရိဒုံ ထားဝယ်နှင့် မြိတ်မြို့များသို့ အောက်တိုဘာလ ၃ ရက်နေ့နှင့် ၄ ရက်နေ့တို့တွင် လာရောက်မည် ဖြစ်ကြောင်း သိရသည်။
Dawei Watch
The Voice Weekly's photo.

No comments :

Post a Comment

Blogger Widgets
Back to Top