Blogger Widgets

Friday, 2 October 2015

ရွေးကောက်ပွဲ လုံခြုံရေးတာဝန်ယူမည့် ရဲတပ်ဖွဲ့ဝင်များ ဘက်မလိုက်ရန် ရဲချုပ်တိုက်တွန်း

လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန် ထမ်းဆောင်မည့် ရဲတပ်ဖွဲ့ ဝင်များ အနေဖြင့် မည်သည်ဘက်ကိုမျှ မလိုက်ဘဲ ကြားနေသည့်ပုံစံဖြင့် ဆောင်ရွက်ရန် လိုအပ်သည်ဟု နေပြည်တော်တွင် ပြုလုပ်သည့် ၅၁ နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနား မိန့်ခွန်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်းက ပြောကြားသည်။
“တို့ ရဲတပ်ဖွဲ့ဟာ ဘက်မလိုက်ဘဲ ကြားနေသည့်စံနှုန်းကို အမြင့်မားဆုံးဆောင်ရွက်နေတယ်ဆိုတာ ပြည်သူအားလုံး သိရှိအောင် ပြသသွားဖို့ လိုအပ်မှာဖြစ်တယ်” ဟု ရဲချုပ်က ဆိုသည်။
ထို့အပြင် လုံခြုံရေး လိုအပ်ချက်အရ ရွေးကောက်ပွဲကာလအတွင်း ခေါ်ယူအသုံးပြုမည့် အထူးရဲများကို ဒေသခံဖြစ်မှု၊ ပညာအရည်အချင်း၊ ဘာသာစကားနှင့် ဒေသယုံကြည်မှု ဓလေ့ထုံးစံများကို နားလည်မှု စသည့် အခြေခံ အားသာချက်များကို အားပြု ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ထိုကဲ့သို့ ဒေသခံများကို ဆောင်ရွက်စေခြင်းသည် သက်ဆိုင်ရာ နယ်မြေအခြေအနေကို ရဲတပ်ဖွဲ့ဝင်များထက် ပိုမို သိရှိနိုင်သည်က အားသာချက် ဖြစ်စေမည်ဖြစ်ကြောင်း ရဲချုပ်က မီဒီယာများကို ပြောကြားသည်။
ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် အကျင့်ပျက် ခြစားမှုသည် တရားမျှတစွာ ထမ်းဆောင်နေသော တာဝန်နှင့် လုပ်ငန်းဆောင်ရွက်မှုများကို သွေဖည်စေခြင်းကြောင့် အကျင့်ပျက်ခြစားမှုကို ကျူးလွန်ခြင်း မပြုရုံမျှမက ပြင်းထန်စွာ ဆန့်ကျင်သွားရန် ရဲချုပ်က သူ၏ ရဲတပ်ဖွဲ့ဝင်များကို ပြောကြားခဲ့သည်။

No comments :

Post a Comment

Blogger Widgets
Back to Top