ရန်ကုန် မေ ၂၉
ရန်ကုန် မြို့တော်တွင် လက်ရှိ
ဆောက်လုပ်နေသော အဆောက်အအုံ များတွင် တိုက်ခန်းနေ ပိုင်ရှင်များ အမှိုက်
စွန့်ပစ်ရာ၌ တိုက်အောက်ဆင်း၍ အမှိုက် ပစ်စရာ မလိုသောShoot System ကို
ယခုနှစ် ၂ဝ၁၃ ခုနှစ်မှစ၍ ထည့်သွင်း ဆောက်လုပ်ရန် စီစဉ်လျက် ရှိကြောင်း
ရန်ကုန်မြို့တော် စည်ပင် သာယာရေး သန့်ရှင်းရေး ဌာနမှ လက်ထောက် ဌာနမှူး
ဦးရဲကျော်မိုးထံက သိရသည်။
အဆိုပါ အမှိုက်ပစ် စနစ်(Shoot System)
ထည့်သွင်း စီစဉ်ခြင်းသည် နိုင်ငံတကာ ကဲ့သို့ စနစ်တကျ အမှိုက်များ
သိမ်းနိုင်ရန်နှင့် လူတိုင်း လူတိုင်း စည်းကမ်းတကျ အမှိုက် စွန့်ပစ်သည့်
အကျင့်များ ရရှိနိုင်ရန် ဖြစ်သည့် အပြင်
အမှိုက်များ အရည်ထွက်ခြင်း၊ အနံ့ထွက်ခြင်း မဖြစ်စေနိုင်မည့်နည်း ဖြစ်ကြောင်း
ဦးရဲကျော်မိုး က ပြောကြား ခဲ့သည်။
''ကျွန်တော်တို့ နိုင်ငံမှာ ဒီလို
စည်းကမ်းတကျ အမှိုက်ပစ်ဖို့ အလားအလာ ရှိပါတယ်။ အချိန်တော့ ယူရမှာပေါ့။ အခု
အဆောက်အအုံ တိုင်းမှာ အမှိုက်ပစ်ဖို့ လွယ်ကူတဲ့ ဒShoot System ထည့်တာ
ကောင်းတဲ့ အစီအစဉ်ပါ။ ဒါပေမဲ့ အမှိုက်ပစ်တဲ့ ပြည်သူတွေက ကိုယ်ပစ်မယ့်
အမှိုက်ကို သေသေချာချာ လုံအောင် ချည်နှောင်ပြီးမှ စွန့်ပစ်ဖို့ လိုပါတယ်။
အမှိုက်သိမ်း ကားတွေကိုလည်း ဒီစည်ပင် သန့်ရှင်းရေး ဌာနက ဒီနှစ် ဘဏ္ဍာရေး
နှစ်မှာ ဘတ်ဂျက် နိုင်သလောက် (အမှိုက်သိမ်း) ကား ထပ်ဝယ်ဖို့ ရှိပါတယ်'' ဟု
၎င်းက ဆက်လက် ပြောကြားသည်။
မြန်မာ နိုင်ငံတွင် Shoot System ဖြင့်
ဆောက်လုပ် ထားသော အဆောက်အအုံ တစ်ခုမှာ Junction 8 (ရန်ကုန်) တစ်ခုတည်းသာ
ရှိပြီး အချို့ အာဆီယံ နိုင်ငံ အများစုမှာ တိုက်ခန်း အဆောက်အအုံ တိုင်းတွင်
Shoot System ပါရှိကြောင်း၊ယင်းအပြင် ဂျပန် နိုင်ငံတွင် အမှိုက်သိမ်း
ကားများမှာ တစ်ရပ်ကွက်လျှင် စီးရေ ၆ဝ ရှိကာ၊ မြန်မာ နိုင်ငံ ရန်ကုန်မြို့၌
တစ်မြို့လုံးတွင် ခြောက်စီးသာ ရှိကြောင်းနှင့် အခြား မြို့နယ်များတွင်
အများဆုံး ၁ဝ စီးခန့် ရှိကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။
''အမှိုက်သိမ်းတာ စည်ပင် တစ်ခုတည်းနဲ့
မပြီးဘူး။ ပြည်သူကလည်း ပူးပေါင်း ပါဝင်မှ အမှိုက်တွေ၊ အမှိုက် အရည်ထွက်တာ၊
အနံ့ ထွက်တာတွေက ကင်းဝေးမှာ။Shoot System နဲ့ဆောက်တဲ့ အဆောက်အအုံမှာ နေတဲ့
ပြည်သူတွေလည်း အမှိုက်ကို သေချာ လုံခြုံအောင် ချည်နှောင်ပြီး ပစ်ဖို့
လိုအပ်ပါတယ်'' ဟု သန့်ရှင်းရေး ဌာနမှ တာဝန် ရှိသူ တစ်ဦးက ပြောကြား
ခဲ့ကြောင်း သိရသည်။

No comments :
Post a Comment