Blogger Widgets

Thursday 30 May 2013

ကျိုက်မရောမြို့နယ်မှ ရှေးဟောင်းဂူများ ထိန်းသိမ်းရန် မွန်ပြည်နယ် အစိုးရညွှန်ကြား

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ရှေးဟောင်းဂူ ဘုရားများကို ရှေးမူလက်ရာမပျက်စေဘဲ ထိန်းသိမ်းစောင့်
ရှောက်ရန်နှင့် ခရီးသွားဧည့်သည်များ စိတ် ဝင်စားလာအောင် လုပ်ဆောင်ရန် ပြည်နယ်အစိုးရအဖွဲ့မှ ညွှန်ကြားချက် ထုတ်ပြန်လိုက်သည်။
အဆိုပါ ညွှန်ကြားချက်သည် ကျိုက်မရောမြို့နယ်အတွင်းတွင် နာမည်ကြီး ရှေးဟောင်းဂူ ဘုရားများဖြစ်ကြသည့် စံပယ်ဂူ၊ မယ်ခရိုဂူ၊ ခရုံဂူ၊ သမ္မသတ်ဂူ၊ ဖားပေါင်ဂူ၊ ချောင်းနှစ်ခွဂူ၊ တောင်ကလေးဂူနှင့် ကွမ်းငံဂူစသည့် ဂူ ရှစ်ခုတို့ကို အကျိုးသက်ရောက်စေမည် ဖြစ်သည်။
”ရှေးဟောင်းဂူတွေကို ရှေးမူလက်ရာမပျက်စေဘဲ ယဉ်ကျေးမှုဝန်ကြီး ဋ္ဌာနရဲ့မူနဲ့အညီ ထိန်းသိမ်းဖို့နဲ့ နိုင်ငံခြား ခရီးသွားဧည့်သည်တွေ စိတ်ဝင်စားလာအောင် ဆွဲဆောင်မှုရှိလာအောင် လုပ်ဆောင်ရမယ်၊ ဒါမှလည်း ကိုယ့်ဒေသ ဖွံ့ဖြိုး တိုးတက်လာမှာ” ဟု စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဒေါက်တာမင်းနွယ်စိုး က ပြောသည်။
ထိုရှေးဟောင်း ဂူဘုရားများ ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့မှ သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့် မေ၂၇ ရက်တွင် တွေ့ဆုံပြီး ဂူများကို ထိန်းသိမ်းရန် ညွန်ကြားထား
သေးသည်။
ထိုတွေ့ဆုံမှုတွင် မြို့နယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ သာမက မော်လမြိုင်တက္ကသိုလ်မှ သမိုင်း၊ ပထဝီ၊ ဘူမိဗေဒဌာနများမှ ဆရာ/ ဆရာမများ၊ ယဉ်ကျေးမှုဌာနမှ အရာရှိများ၊ ဟိုတယ် လုပ်ငန်းရှင်များ၊ ခရီးသွားလုပ်ငန်း ကုမ္ပဏီများမှ ပုဂ္ဂိုလ် များလည်း ပါဝင်သည်။ ခရီးသွားလုပ်ငန်းရှင် တစ်ဦးက ”ကျိုက်မရောမှာဆို ရှေးဟောင်းဂူ ဘုရားတွေ တော်တော်များများရှိတဲ့ ဒေသပါ၊ လက်ရာမြောက် ဘုရားတွေလည်း အများ ကြီးတွေ့ရတယ်၊ တချို့ဆို ပျက်စီးကုန်တာလည်းရှိတယ်၊ ခုထိ ထိန်းသိမ်းမယ့်သူ သေသေချာချာ စောင့်ရှောက်မယ့်သူ မရှိခဲ့လို့လေ၊ အခုလို ပြန်ထိန်းသိမ်းဖို့လုပ်တာ ကောင်းတာပေါ့” ဟု ပြောသည်။

No comments :

Post a Comment

Blogger Widgets
Back to Top