Pages

Wednesday, 2 April 2014

ကြားဖြတ် ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးက ဒီ/ချုပ်ကို အားစမ်းမယ်ဆို ဒီ/ချုပ်ကလည်း သူတို့ကို အားစမ်းမှာပဲ

၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် လစ်လပ်မဲဆန္ဒနယ် အားလုံး၌ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ပါတီ၏ ဗဟိုအလုပ်အမှုဆောင် တစ်ဦးဖြစ်သူ ဦးထွန်းထွန်းဟိန်က Hot News သို့ ပြောကြားသည်။ မတ်လ ၂၀ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက လစ်လပ်နေသည့် နိုင်ငံတစ်ဝန်းရှိ မဲဆန္ဒနယ် ၃၁ ခုတွင် ယခု နှစ်ကုန်ပိုင်းတွင် ကြားဖြတ် ရွေးကောက်ပွဲများ ကျင်းပရန် စီစဉ်နေကြောင်း ပြောကြားခဲ့ပြီးနောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အားလုံး ဝင်ပြိုင်ရန် ဆုံးဖြတ်ထားပြီ ဖြစ်ကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။


"နိုင်ငံရေးပါတီ ထူထောင်တယ် ဆိုကတည်းက ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ထားတာပါ။ နိုင်ငံရေး ပါတီတိုင်းကလည်း လစ်လပ်တဲ့ နေရာတိုင်းကို မျက်ခြေမပြတ် စောင့်ကြည့်ကြမှာပဲ။ NLD က စောင့်ကြည့်သလို USDP ကလည်း စောင့်ကြည့်မှာပဲ။ မဲဆန္ဒနယ် တစ်ခုရတယ်ဆိုရင် အဲဒီနေရာက ပြည်သူလူထုကို အလုပ်အကျွေး ပြုလို့ရတာပေါ့။ အကောင်းဆုံး ဥပမာကတော့ ကော့မှူးမှာ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုကို လုပ်ပေးနိုင်တာ လုပ်ပေးခဲ့တယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ USDP က NLD ကို အားစမ်းမယ်ဆိုရင် NLD ကလည်း သူတို့ကို အားစမ်းမှာပဲ။ အားစမ်းတယ်ဆိုတာ အမြဲတမ်း ရှိနေမယ့် ကိစ္စပဲ" ဟု ဦးထွန်းထွန်းဟိန်က ပြောသည်။


ယခုကြားဖြတ်ရွေးကောက်ပွဲ ထပ်မံကျင်းပမည့် လစ်လပ်နေရာများသည် အမျိုးသားလွှတ်တော်၌ နေရာခြောက်ခု၊ ပြည်သူ့လွှတ်တော်၌ နေရာ ၁၃ ခုနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များတွင် နေရာ ၁၂ ခု စုစုပေါင်း လစ်လပ်နေရာ ၃၁ နေရာ လစ်လပ်နေခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကြားဖြတ်ရွေးကောက်ပွဲသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့်သူများ အတွက် သတိထားရမည့် အခြေအနေ ဖြစ်ကြောင်း၊ ယင်းကြားဖြတ်ရွေးကောက်ပွဲသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ ၂၀၁၅ ရွေးကောက်ပွဲ အကြို စမ်းသပ်ချက်လည်း ဖြစ်နိုင်ကြောင်း ပါတီ နိုင်ငံရေး လုပ်ဆောင်နေသူများနှင့် နိုင်ငံရေး စောင့်ကြည့်လေ့လာသူများက ဝေဖန်သုံးသပ်ကြသည်။

No comments:

Post a Comment