ထူးဆန်းစွာ ပျောက်ဆုံးနေသည့် မလေးရှား လေကြောင်းလိုင်း အမှတ်စဉ် MH370
လေယာဉ်နှင့် ပတ်သက်ပြီး ရုပ်ရှင်ရိုက်ကူးရန် ဟောလီးဝုဒ်တွင်
စတင်လုပ်ဆောင်မှုများ ရှိနေပြီဟု သိရသည်။ အဆိုပါ လေယာဉ်နှင့် ပတ်သက်ပြီး
တိုက်ရိုက်ကျောရိုးယူ၍ဖြစ်စေ၊ မှီငြမ်းဆင့်ပွား၍ဖြစ်စေ ရုပ်ရှင်ရိုက်မည့်
စီမံကိန်း (၅၀) မျှထိ ဟောလီးဝုဒ်တွင် ရေးဆွဲနေကြပြီဟု နီးစပ်သူများက
ဆိုသည်။ သို့သော်လည်း အဆိုပါ အစီအစဉ်များအနက် မည်၍မည်မျှ ရုပ်ရှင်အဖြစ်
အမှန်တကယ် အသက်ဝင်လာမည်ကိုမူ တိတိကျကျ မသိနိုင်သေးချေ။ MH370 သည် မတ်လ (၈)
ရက်နေ့က ကွာလာလမ်ပူမှ ဘေဂျင်းသို့ ပျံသန်းရင်း ထူးဆန်းစွာ
ကွယ်ပျောက်သွားခဲ့သည်။
မလေးရှား အစိုးရက လေယာဉ်ပျက်ကျသွားခြင်းဟု ယုံကြည်ရကြောင်း တရားဝင် ကြေညာခဲ့သော်လည်း ယင်းနှင့် ပတ်သက်သည့် အထောက်အထား အသေးစားလေး တစ်ခုမျှပင် မပြသနိုင်သေးချေ။ လတ်တလောတွင် လေယာဉ်ကို မူလလမ်းကြောင်းနှင့် ဆန့်ကျင်စွာ အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်း ဒေသ၌ ဩစတြေးလျ ရေတပ်က ဖြန့်ကျက် ရှာဖွေလျှက် ရှိသည်။ Hollywood Reporter က ရုပ်ရှင်ထုတ်လုပ်သူ တစ်ဦးနှင့် အင်တာဗျူး ပြုလုပ်ခဲ့ရာ ရုပ်ရှင်စတူဒီယို အတော်များများက ယင်းဖြစ်ရပ်ကို ဇာတ်လမ်းအသွင် အသက်သွင်းရန် စိတ်ဝင်စားနေကြောင်း ပြောဆိုခဲ့သည်။ သို့သော်လည်း မည်သည့် စတူဒီယိုကမျှ အခိုင်အမာ ဆုံးဖြတ်ချက် မချရသေးဟုလည်း ဆိုသည်။
“ဖြစ်ရပ်က တကယ့်ကို ထိတ်လန့်စရာ၊ ကြေကွဲစရာပါပဲ။ ဘာပဲဖြစ်ဖြစ်ပါ။ ဒီဖြစ်ရပ်ကို ဟောလီးဝုဒ်မှာ လူ (၅၀) လောက်က ပရောဂျက် (၅၀) လောက်နဲ့ အကောင်အထည် ရုပ်ရှင်ရိုက်ဖို့ ကြံနေတယ်” ဟု Red Eye ဇာတ်ကားတွင် အမှုဆောင်အဖြစ် တာဝန်ယူဖူးသည့် ဂျေစီစပင်းက ပြောကြားခဲ့သည်။ ဟောလီးဝုဒ်တွင် ကမ္ဘာကျော် ကြေကွဲစရာ ဖြစ်ရပ်များကို ရုပ်ရှင်အဖြစ် ရိုက်ကူးဖူးရာ 9/11 နှင့် United 93 တို့မှာ ထင်ရှားသည်။ ထို့အပြင် ဘော်စတွန် မာရသွန်ပြိုင်ပွဲ ဗုံးခွဲမှုနှင့် ပတ်သက်ပြီး ရုပ်ရှင်ရိုက်ရန်လည်း စီစဉ်လျှက်ရှိရာ လာမည့် (၃) လမျှအတွင်း အကောင်အထည် ပေါ်လာဖွယ် ရှိနေကြောင်း သိရှိရသည်။

No comments :
Post a Comment