မြန်မာတိုင်း(မ်)၊ မန္တလေးရုံးခွဲမှ အကြီးတန်း သတင်းထောက် ဦးစည်သူလွင်အား မတ္တရာမြို့နယ်
လျှပ်စစ်ဌာနမှ မြို့နယ်အင်ဂျင်နီယာက စွဲဆိုထားသော အမှုအပေါ် မတ္တရာမြို့နယ် တရားသူကြီးမှ
ယခု မတ်လ ၂၈ ရက်နေ့တွင် အပြီးသတ်အမိန့် ချမှတ်လိုက်သည်။
ပြီးခဲ့သော ၂၀၁၃၊ မေလကုန်ထုတ် မြန်မာတိုင်း(မ်) သတင်းစာစောင်၊ အတွဲ(၃၂)၊ အမှတ် (၆၂၂)
တွင်ဖော်ပြခဲ့သည့် 'မတ္တရာမြို့ ဗဟိုလမ်းမကြီး၌ ဗို့အားမြင့်ဓာတ်အား လိုင်းကြိုး သွယ်တန်းမည်ကို
မြို့ခံများအပြင်းအထန်ကန့်ကွက်' သတင်း၌ ဖော်ပြချက်များမှာ လျှပ်စစ်ဝန်ကြီးဌာနနှင့် ၀န်ထမ်းများ
၏ဂုဏ်သိက္ခာကို ထိခိုက်သည့်အချက်များ ပါဝင် သည်ဆိုကာ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ
ဦးဉာဏ်ထွန်းမှ ဦးစည်သူလွင် အပေါ် တရားစွဲဆိုခဲ့ရာ၊ တရားရုံးမှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၅၀၀)
အရ စွဲချက်တင်ဖြေရှင်း စေခဲ့သည်။
စတင်အမှုစစ်ချိန်မှစ၍ ရှစ်လခန့်အကြာ၊ ရုံးချိန်းပေါင်း ၂၂ ခုတွင် အမိန့်ချရန် ရုံးချိန်း လေးကြိမ်
မြောက်၌ အပြီးသတ် အမိန့်ချခဲ့ရာတွင်၊ နှစ်ဖက်ကြားနာ စစ်ဆေးချက်များအရ ပြစ်မှုဆိုင်ရာ
ဥပဒေပုဒ်မ (၅၀၀) နှင့် ငြိစွန်းကြောင်းဆုံးဖြတ်ခဲ့ကာ ဦးစည်သူလွင်အပေါ် ဒဏ်ငွေ ကျပ် ၁၀, ၀၀၀
(သို့မဟုတ်) ထောင်ဒဏ်တစ်လ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
ဦးစည်သူလွင်က ဒဏ်ငွေကျပ် ၁၀, ၀၀၀ ပေးဆောင်ခဲ့သည်။
"ဒီအမှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ မြန်မာကွန်ဆိုလီဒိတ်တက်မီဒီယာအနေနဲ့ ဦးစည်သူလွင်ရဲ့
အပြစ်ကင်းစင်မှုကို သက်သေထူနိုင်ဖို့ အမြဲကြိုးပမ်းခဲ့ပါတယ်။ ဒီနေ့ ဆုံးဖြတ်ချက်အပေါ်မှာတော့
အံ့ဩစိတ်ပျက်မိတယ်။ ကျွန်တော်တို့အနေနဲ့ တရားသူကြီးရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး
မှတ်ချက်တစ်စုံတစ်ရာ မပေးလိုပေမယ့် ကိုစည်သူလွင်ရဲ့ လုပ်ဆောင်မှုအပေါ်မှာပဲ ပြောရရင် သူဟာ
စာနယ်ဇင်းကျင့်ဝတ်ကို ဖောက်ဖျက်တာ၊ သူ့ ကိုယ်ပိုင်အမြင်ကို သတင်းထဲထည့်တာမျိုးမလုပ်ခဲ့ဘဲ
မတ္တရာဒေသခံတွေရဲ့ အမြင်နဲ့ ခံစားချက်တွေကိုသာ ဖော်ပြခဲ့တယ်လို့ ပြောချင်ပါတယ်။
မတ္တရာမြို့နယ် လျှပ်စစ်ဌာနနဲ့ ၀န်ထမ်းတွေရဲ့ ဂုဏ်သိက္ခာကို တစ်စုံတစ်ရာ ထိခိုက်အောင်
ရည်ရွယ်တာ မရှိခဲ့ပါဘူး"ဟု မြန်မာတိုင်း(မ်) မန္တလေးရုံးခွဲမန်နေဂျာ မစ္စတာဂျရမီက အမိန့်ချမှတ်
ပြီးနောက် ပြောသည်။
ကုမ္ပဏီအနေဖြင့် ဦးစည်သူလွင် အမှုနှင့် ပတ်သက်ပြီး အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးခဲ့
ကြောင်း၊ တရားရုံးအမိန့်ချမှတ်သည့်အတိုင်း ဒဏ်ငွေပေးဆောင်ခဲ့ပြီးဖြစ်ကာ ၁၀ လခန့် ကြာမြင့်
နေပြီဖြစ်သောအမှုကို အတိတ်တွင် ထားခဲ့ပြီဖြစ်ကြောင်း ပြောသည်။
ဖြိုးဝေကျော်/မြန်မာတိုင်း(မ်)

![]() |
သတင်းထောက် ဦးစည်သူလွင်အား သတင်းပေးခဲ့သည့် မတ္တရာမြို့ခံတစ်ဦးနှင့် အတူ အမှုအား အမိန့်ချမှတ်ပြီးနောက် တရားရုံးပြင်ပတွင် တွေ့ရစဉ်။ ဖြိုးဝေကျော်/မြန်မာတိုင်း(မ်) |

No comments :
Post a Comment