လာမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် “တရားသဖြင့် ယှဉ်ပြိုင်၊
အောင်မြင်အောင် ကြိုးစား” ဟူ သည့် ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး
တရားသောနည်းလမ်းဖြင့် အနိုင်ရအောင် ယှဉ်ပြိုင်မည်ဟု လက်
ရှိအာဏာရပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏
ဥက္ကဋ္ဌဖြစ်သူ သူရဦးရွှေမန်းက ပြောကြားလိုက်သည်။
“သန့်သန့်ရှင်းရှင်းပဲ နိုင်ချင်တယ်။ မသန့်ရှင်းဘဲနဲ့နိုင်လာရင်လည်း
စိတ်ထဲမှာ မသတီဘူး၊ မသန့်ဘူး။ ဒါ ကြောင့်မို့လို့
သန့်သန့်ရှင်းရှင်းနဲ့ပြိုင်ပြီးတော့ပဲ နိုင်ဖို့ ကြိုးစားပါမယ်”ဟု
ပြည်ထောင်စုလွှတ်တော် နယက လည်းဖြစ်သူ သူရဦးရွှေမန်းက ပြောသည်။
အင်အားကြီးပါတီဥက္ကဋ္ဌနှစ်ဦး၏ သတင်းစာရှင်းလင်းပွဲတွင် သူရဦးရွှေမန်းက
လာမည့်ရွေးကောက်ပွဲတွင် တရားနည်းလမ်းကျကျ ယှဉ်ပြိုင်မည်ဟု ပြောသလို
“နိုင်အောင် ပြိုင်မယ်”ဟုလည်း ကြုံးဝါးခဲ့သေးသည်။
န၀မပုံမှန် ပြည်ထောင်စုလွှတ်တော်၏ နောက်ဆုံးနေ့အစည်းအဝေးအပြီး မတ်လ ၂၆
ရက်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်
ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် သူရ ဦးရွှေမန်းက မီဒီယာများအား
ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
အာဏာရပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ယခုကဲ့သို့ လာမည့်ရွေးကောက်ပွဲတွင်
သန့်သန့်ရှင်းရှင်းဖြင့် နိုင် အောင်ကြိုးစားမည်ဟု ပြောဆိုမှုအပြီးတွင် NLD
ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က “နယကကြီးက တကယ်နိုင်မှာလား”ဟု စိန်ခေါ်ခဲ့သည်။
ယင်းအပြင် ရွေးကောက်ပွဲတွင် အနိုင်ရရန် ၀င်ရောက်ယှဉ်ပြိုင်သည်မှာ
မှန်ကန်သော်လည်း နိုင်သည့် နည်းလမ်း မှန်ကန်ရန် လိုအပ်သည်ဟု
ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။
“မဟုတ်မမှန်တဲ့နည်းနဲ့နိုင်လို့ရှိရင် ရှုံးတာကတောင် ပိုပြီးတော့ ကောင်းပါတယ်”ဟု ၎င်းက ဆိုသည်။
အနိုင်ရပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အတိုက်အခံပါတီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦး စလုံးမှာ လာမည့်ရွေးကောက်ပွဲတွင်
သမ္မတဖြစ်လိုသည်ဟု ပြောဆိုထားကြသည်။
သို့သော် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ပါတီနှစ်ခု
ရန်ဖြစ်နေတာကို မြင်လိုပါသလားဟု ယနေ့ သတင်းစာရှင်းလင်းပွဲတွင်
မီဒီယာများအား မေးခွန်းပြန်ထုတ်ခဲ့သည်။
ယင်းအပြင် “အရင်တုန်းကဆိုရင် ပါတီအချင်းချင်း အပြုတ်တိုက်၊ အပြတ်ရှင်း
လုပ်ခဲ့ကြတယ်၊ ပြုတ်လည်း မပြုတ်ဘူး၊ ရှိလဲ ရှိနေဆဲ၊ အဲဒီအတွက်
ရန်တွေဖြစ်ခဲ့ကြလို့ မြန်မာနိုင်ငံဟာ အခုလိုအခြေအနေ ဖြစ်နေရ တာ။ ဒါကြောင့်
မိမိတို့လက်ထက်မှာ ပါတီအချင်းချင်း အပြုတ်လည်းမတိုက်ဘူး၊
အပြတ်လည်းမရှင်းဘူး၊ ရန်သူလို့လည်း သဘောမထားဘူး၊ လုပ်ဖော်ကိုင်ဖက်လို့ပဲ
သဘောထားပါတယ်”ဟုလည်း သူရဦးရွှေ မန်းက ယခုလဆန်းပိုင်းက ၎င်း၏ရုံးခန်းတွင်
မီဒီယာများအား ပြောဆိုထားသည်။
လက်ရှိ ပြည်ထောင်စုလွှတ်တော်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ၅၂ ရာခိုင်နှုန်းဖြင့် အများဆုံး နေရာယူထားသည်။
၂၀၁၀ ပြည့်နှစ်က ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီသည် အငြင်းပွားဖွယ် ကြိုတင်မဲများဖြင့် အနိုင်ရခဲ့သည်ဟု
ဝေဖန်မှုများစွာရှိခဲ့သော်လည်း ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ တွင်မူ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်တစ်ဦး
ရွေးကောက်ပွဲအရည်အချင်းမပြည့်၍ ၀င် ရောက်ယှဉ်ပြိုင်ခွင့်မရသည့်
မဲဆန္ဒနယ်တစ်နေရာသာ အနိုင်ရရှိခဲ့သည်။

No comments :
Post a Comment