ဧရာဝတီမြစ်ဆုံ တစ်နေရာအား ၂၀၁၂ ခုနှစ် မတ်လက တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
လက်ရှိအချိန်တွင် မြစ်ဆုံစီမံကိန်း အကောင်အထည် ဖော်ရေးဆိုင်ရာ
လုပ်ငန်းအားလုံး ရပ်ဆိုင်းထားကြောင်းနှင့် တရုတ်နိုင်ငံမှ စက်ပစ္စည်း၊
ယာဉ်ယန္တရားမျိုးစုံ ၁၂၄၀ ကို ယခုအခါ ပြန်လည်ပေးပို့ခဲ့ပြီးဖြစ်ကြောင်း
လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်ဇော်က ဇူလိုင် ၃ ရက်တွင်
ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။
ကချင်ပြည်နယ်၊ အင်ဂျန်းယန် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဒေါ်ဒွဲဘူ၏ "မြစ်ဆုံစီမံကိန်းမှ ပြောင်းရွှေ့ခံထားရသော ဒေသခံများအတွက် အနာဂတ်
စီမံကိန်းများ၊ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းအတွက် ချုပ်ဆိုထားသော
စာချုပ်စာတမ်းပါ အကြောင်းအရာများကို သိရှိလိုပါကြောင်း" မေးခွန်းနှင့်
စပ်လျဉ်း၍ ပြန်လည်ဖြေကြားရာတွင် ဒုတိယ၀န်ကြီးက ထည့်သွင်းပြောကြားခဲ့ခြင်း
ဖြစ်သည်။
လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်ဇော်က
"လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန အနေဖြင့် နိုင်ငံတော်သမ္မတကြီး၏ ၃၀.၉.၂၀၁၁
ရက်တွင် လွှတ်တော်များသို့ သ၀ဏ်လွှာပေးပို့သည့် အချိန်မှစ၍ ယခုအချိန်အထိ
မြစ်ဆုံစီမံကိန်း အကောင်အထည်ဖော် တည်ဆောက်ခြင်းဆိုင်ရာ လုပ်ငန်းများအားလုံး
ရပ်ဆိုင်းထားခဲ့ပါတယ်။ စီမံကိန်း ရပ်ဆိုင်းထားခြင်းကြောင့်
မြစ်ဆုံစီမံကိန်းမှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည့်
စက်ပစ္စည်း၊ ယာဉ်ယန္တရားမျိုးစုံ ၁၂၄၀ ကိုလည်း ယခုအခါ ပြန်လည်ပေးပို့ခဲ့ပြီး
ဖြစ်ပါတယ်။ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန အနေဖြင့် ချုပ်ဆိုထားသော စာချုပ်ပါ
အချက်အလက်များကို အခြေခံ၍ ဒေသခံ ပြည်သူများအတွက် အစီအမံများကို နဂိုမူလ
အနေအထားထက် မနိမ့်ကျသော အစီအမံများဖြင့် စီမံဆောင်ရွက်ပေးခဲ့ပြီး
ဖြစ်ပါတယ်။ ယခုအခါ စီမံကိန်း ရပ်ဆိုင်းထားမှုကြောင့် ဒေသခံများရဲ့
ဆက်လက်ဆောင်ရွက်မည့် အစီအမံများနဲ့ စပ်လျဉ်းပြီး ကချင်ပြည်နယ်
အစိုးရအဖွဲ့နဲ့ ညှိနှိုင်းတိုင်ပင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်" ဟု
ဖြေကြားသည်။
မြစ်ဆုံစီမံကိန်း တည်ဆောက်ခဲ့ခြင်းaကြာင့် တည်ဆောက်ရေး လုပ်ငန်းခွင်
ဧရိယာအတွင်း ကျရောက်သည့် တန်ဖဲ၊ မြစ်ဆုံ၊ ခပါး၊ ဒေါင်ပန်းနှင့် ကျိန်ခရန်
ကျေးရွာငါးရွာအတွက် မလိယန် စံပြကျေးရွာနှင့် အောင်မြင်သာ
စံပြကျေးရွာသစ်နှစ်ရွာကို တည်ဆောက်ပေးခဲ့သော်လည်း လက်တွေ့အခြေအနေတွင်
အဆိုပါကျေးရွာ မြေများသည် စိုက်ပျိုးရေး လုပ်ကိုင်၍ မရသောကြောင့်
ဒေသခံများသည် အဆင်မပြေမှုများနှင့် ကြုံတွေ့နေရကြောင်း ဒေါ်ဒွဲဘူက
သတင်းထောက်များကို ပြောကြားသည်။

No comments :
Post a Comment