Blogger Widgets

Thursday, 4 July 2013

ဥပဒေမဲ့ ငွေတိုးကြီးချေးစားသော ကိစ္စများကြောင့် နစ်နာဆုံးရှုံးသူများ ဥပဒေ၏ အကာအကွယ် မရသည့်ဖြစ်စဉ်များ အမြောက်အမြား ဖြစ်နေကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ပြောကြား

မြန်မာနိုင်ငံတွင် ဥပဒေမဲ့ ငွေတိုးကြီးချေးစားသော ကိစ္စများကြောင့် နစ်နာသူများ ဥပဒေ၏ အကာအကွယ် မရသည့်ဖြစ်စဉ်များ အမြောက်အများ ဖြစ်နေကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဇူလိုင် ၃ ရက်တွင် ပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ကိုးတဲကျေးရွာအုပ်စု၊ ကျောင်းစုရွာမှ ဒေါ်မစန်း၏ ငွေချေးယူမှုနှင့် ပတ်သက်၍ နစ်နာမှု အခြေအနေများအား အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာ ကော်မတီမှ စုံစမ်းရေးကော်မတီ ဖွဲ့စည်း၍ ကွင်းဆင်းစစ်ဆေး တွေ့ရှိချက် အစီအရင်ခံစာအား အမျိုးသား လွှတ်တော်သို့ ဖတ်ကြားတင်ပြမှု အပြီးတွင် ဥက္ကဋ္ဌဦးခင်အောင်မြင့်က ထိုကဲ့သို့ မှတ်ချက်စကား ပြောကြားခဲ့ခြင်းဖြစ်သည်။
"ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အတွင်းမှာ ဥပဒေမဲ့ ငွေတိုးကြီးချေးစားတဲ့ ကိစ္စများကြောင့် နစ်နာဆုံးရှုံးမှုများ ရှိခဲ့ပြီး နစ်နာဆုံးရှုံးသူများရဲ့ ဥပဒေ အကာအကွယ် မရမှုဖြစ်စဉ်တွေ အမြောက်အများ ဖြစ်နေပါတယ်။ ဒါတွေကို သုံးသပ်ဖို့လည်း အမျိုးသားလွှတ်တော် ဘဏ္ဍာရေးနှင့် ဥပဒေရေးရာ ကော်မရှင်ကို တာဝန်ပေးထားတာ ရှိပါတယ်" ဟု အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားသည်။
ဥက္ကဋ္ဌဦးခင်အောင်မြင့်က ဆက်လက်ပြောကြားရာ၌ ယခုကော်မတီ၏ တင်ပြချက်ကို တင်ပြမှုအတိုင်း ထားရှိပါက အသက်ဝင်မည် မဟုတ်ကြောင်း၊ သို့ဖြစ်၍ တင်ပြချက်ကို အဆိုအဖြစ် လွှတ်တော်၌ ဆက်လက်ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် လွှတ်တော်၌ လက်ခံဆွေးနွေးရန် သင့်၊ မသင့် စက်ခလုတ်နှိပ်၍ လျှို့ဝှက်မဲပေး စနစ်ဖြင့် ဆုံးဖြတ်ရာ ထောက်ခံမဲ များသည့်အတွက် အဆိုအား လက်ခံဆွေးနွေးရန် အတည်ပြုခဲ့သည်။
အမျိုးသားလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး သတ္တမမြောက်နေ့၌ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၀)မှ လွှတ်တော်ကိုယ်စားလှယ် ဦးနုက ဒေါ်မစန်း၏ ငွေချေးယူမှုနှင့် ပတ်သက်၍ အခြေအနေမှန် သိရှိလိုကြောင်း မေးခွန်းမေးမြန်းမှုအား ပြည်ထောင်စု တရားလွှတ်တော် တရားသူကြီးဦးမြသိမ်းက ခရိုင်တရားရုံး အဆုံးအဖြတ် မှန်ကန်ကြောင်း ဖြေကြားခဲ့ပြီး ယင်းဖြေကြားမှုမှာ  တရားလွှတ်တော်ချုပ်သည် အောက်ခြေဖြစ်ရပ်မှန်ပေါ် အခြေခံခြင်း မရှိသည့်အတွက် ပကတိ ဖြစ်ရပ်မှန်များကို တိတိကျကျ သိရှိနိုင်ရန် ခုံရုံးဖွဲ့၍ ပြန်လည်စစ်ဆေး ပေးရန်နှင့် အမျိုးသား လွှတ်တော်ကလည်း စုံစမ်းရေးကော်မရှင် ဖွဲ့၍ဖော်ထုတ်ပေးရန် အကြံပြု တင်ပြခဲ့သဖြင့် အမျိုးသားလွှတ်တော်က ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ အနေဖြင့် တရားရှုံး ငွေချေးယူသူ ဒေါ်မစန်းနှင့် တရားလို ဦးစိုးဝင်း အပါအ၀င် လေးမျက်နှာမြို့နယ် တရားရုံးနှင့် ဟင်္သာခရိုင် တရားရုံးမှ အမှုနှင့် သက်ဆိုင်ခဲ့သည့် တရားသူကြီးများ၊ သက်သေများ ခေါ်ယူစစ်ဆေးခဲ့ကြောင်း လွှတ်တော်သို့ တင်ပြသည့် အစီအရင်ခံစာအရ သိရပြီး ဒေါ်မစန်း၏ နစ်နာဆုံးရှုံးမှုများသည် ဥပဒေ၏ အကာအကွယ်ကို မှန်ကန်စွာ မရရှိခဲ့သောအချက် ပေါ်လွင်နေသဖြင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ ဥပဒေနည်းလမ်းအရ ပြန်လည်ကုစားပေးနိုင်ရန် ၀ါယမစိုက်ထုတ် စီစဉ်သင့်ကြောင်း၊ တရားစီရင်ရေး မဏ္ဍိုင်အပေါ် ပြည်သူတို့ အားကိုးယုံကြည်မှု မထိခိုက်မီ တာဝန်ရှိသူများအား ထိုက်သင့်သလို ပွင့်လင်းမြင်သာစွာ ဖော်ထုတ်အရေးယူသင့်ကြောင်း စသည်ဖြင့် ယင်းအစီရင်ခံစာ၌ အကြံပြုထားသည်။

No comments :

Post a Comment

Blogger Widgets
Back to Top