Blogger Widgets

Thursday, 4 July 2013

မြန်မာနိုင်ငံတွင် မဲခေါင်တက္ကသိုလ် ထူထောင်သွားရေးအတွက် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ခြောက်ကြိမ်မြောက် မဲခေါင်မြစ်အောက်ပိုင်း အစီအမံဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် မဲခေါင်မြစ်အောက်ပိုင်း အစီအမံဆိုင်ရာ မိတ်ဆွေနိုင်ငံများ၏ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးတွင် အဆိုပြုခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယင်းအစည်းအဝေးများသို့ ဘရူနိုင်းနိုင်ငံ၊ ဘန်ဒါဆရီဘာဂါဝန်မြို့တွင် ဇွန် ၂၉ ရက်မှ ဇူလိုင် ၂ ရက်အထိ ပြုလုပ်ခဲ့သော (၄၆) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့စဉ် တစ်ဆက်တည်း တက်ရောက်ခဲ့ခြင်းဖြစ်သည်။ မဲခေါင်မြစ် အောက်ပိုင်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေးတွင် အခြေခံကျသော ပညာရေးကဏ္ဍတွင် ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ရန်နှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံတွင် မဲခေါင်တက္ကသိုလ် ထူထောင်ရေးကို အဆိုပြုခဲ့ခြင်းဖြစ်သည်။ ထို့ပြင် နိုင်ငံခြားရေး ၀န်ကြီးသည် ဇူလိုင် ၁ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် အာဆီယံ-အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဂျွန်ကယ်ရီနှင့်အတူ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံ-အမေရိကန် ဆွေးနွေးဖက် ဆက်ဆံရေးနှင့် အနာဂတ် ဦးတည်ချက်၊ အာဆီယံနှင့် အမေရိကန်အကြား ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် ကဏ္ဍများနှင့် ဒေသနှင့် အပြည်ပြည်ဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့သည်။

၁၉၈၈ ခုနှစ်က တစ်နိုင်ငံလုံး ပါဝင်အုံကြွခဲ့သည့် ပြည်သူ့အရေးတော်ပုံကြီး ဖြစ်ပွားခဲ့သည်မှာ (၂၅) နှစ် ကြာမြင့်ခဲ့ပြီဖြစ်ပြီး ထိုအရေးတော်ပုံ ငွေရတု အခမ်းအနားကို အများပြည်သူများ ပါဝင်နိုင်ရန်အတွက် ဖိတ်ကြားကြောင်းကို အခမ်းအနားဖြစ်မြောက်ရေး ကော်မတီက ရန်ကုန်မြို့ရှိ M-3 စားသောက်ဆိုင်တွင် ဇူလိုင် ၃ ရက်က ပြုလုပ်သည့် စာနယ်ဇင်း သမားများနှင့် တွေ့ဆုံသည့်  ပွဲတွင် ပြောကြားသည်။
ထိုတွေ့ဆုံပွဲတွင် ဦးမင်းကိုနိုင်က "တကယ်တော့ ရှစ်လေးလုံးဟာ အားလုံးနဲ့ ဆိုင်ပါတယ်။ ဒါကြောင့် ငွေရတု ကျလာတဲ့အခါမှာ အားလုံးပါဝင်နိုင်အောင် ဖိတ်ခေါ်တာပါ။ တကယ့်တကယ်က ကျောင်းသားတွေစခဲ့တဲ့ တိုက်ပွဲတွေ ရှိတယ်။ ဒါပေမဲ့ အပြောင်းအလဲကြီးဖြစ်တဲ့ အထိတော့ မဖြစ်ခဲ့ဘူးပေါ့။ ပြည်သူတစ်ရပ်လုံး ပါဝင်လာခဲ့တဲ့ ရှစ်လေးလုံး အရေးတော်ပုံမှာ အပြောင်းအလဲ စလာခဲ့ပါတယ်။ အဲဒီ့အရေးတော်ပုံမှာ ကျွန်တော်တို့ အသက်တွေ၊ သွေးတွေ၊ ချွေးတွေ အများကြီး ပေးဆပ်ခဲ့ရတဲ့အပြင် ကြီးမြတ်မှုတွေကိုလည်း ရှိခဲ့ပါတယ်။ အဲဒါတွေ ပုံပေါ်လာအောင် ဖော်ထုတ်ပြချင်တာပါ။ ရှစ်လေးလုံးကို မီလိုက်သည်ဖြစ်စေ၊ မမီလိုက်သည်ဖြစ်စေ ရှစ်လေးလုံးဆိုတာ တစ်တိုင်းပြည်လုံးကို ကိုယ်စားပြုတာဖြစ်လို့ ငွေရတုပွဲကို ပြည်ထောင်စုဖွား တိုင်းရင်းသားတွေ လာစေချင်ပါတယ်။ ဒီပွဲကို ပူးပေါင်းပါဝင် စေချင်ပါတယ်။ အဲ့ဒီလိုပဲ တိုင်းပြည်ရဲ့ စတုတ္ထမဏ္ဍိုင်လို့ခေါ်တဲ့ သတင်းမီဒီယာတွေ အနေနဲ့လည်း ပူးပေါင်းပါဝင် စေချင်သလို အကြံဉာဏ်တွေလည်း ပေးနိုင်ပါတယ်" ဟု ဦးမင်းကိုနိုင်က အဖွင့်အမှာ စကားတွင် ထည့်သွင်းပြောကြားသည်။
ထိုပွဲအား ကျင်းပနိုင်ရန် ကြိုးပမ်းအားထုတ် နေသူများထဲမှ ဦးဌေးကြွယ်က အခမ်းအနားကို သုံးရက်ကျင်းပမည်ဖြစ်ပြီး ပထမနှစ်ရက်တွင် တင်သွင်းထားသည့် အကြံပြုချက်များအား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားမည်ဖြစ်ကာ နောက်ဆုံးရက်တွင် အနုပညာရှင်များ၏ အကူအညီဖြင့် သမိုင်းဆိုင်ရာ အချက်အလက်များကို ပြည်သူများထံ တင်ပြမည်ဖြစ်ကြောင်း ပြောကြားသည်။ သြဂုတ် ၆ ရက်နှင့် ၇ ရက်တွင် ဆွေးနွေးရန်အတွက် ခေါင်းစဉ် ၆ ခု ခွဲထားပြီး (၁) အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး (၂) လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်ရေး (၃) တိုင်းရင်းသားအရေးနှင့် အနာဂတ်ပြည်ထောင်စု (၄) စစ်မှန်သော အမျိုးသား ပြန်လည်သင့်မြတ်ရေး (၅) နိုင်ငံတော် တည်ဆောက်ရေးနှင့် ရှစ်လေးလုံး ဒီမိုကရေစီ အင်အားစု အခန်းကဏ္ဍ (၆) တိုင်းပြည်ပြန်လည် တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး စသည့်ခေါင်းစဉ်များနှင့် ဆွေးနွေးတိုင်ပင်ကြမည်ဖြစ်ကြောင်း ပြောကြားသည်။
ဦးဌေးကြွယ်က "ရှစ်လေးလုံး အရေးတော်ပုံကြီးကို အမျိုးမျိုး ဖျောက်ဖျက်ဖို့ ကြိုးစားခဲ့တာ၊ ပုံဖျက်ဖို့ ကြိုးစားခဲ့တာကို တွေ့ခဲ့ရပြီးပြီ။ ပြည်သူလူထုအားလုံး တစ်နေရာထဲမှာ စုနေမှ ပူးပေါင်းပါဝင်တာ မဟုတ်ပါဘူး။ ရှစ်လေးလုံး အရေးတော်ပုံနဲ့ ပတ်သက်လို့ မမေ့လျော့တာမျိုး၊ ကိုယ်သိတဲ့ အချက်အလက်တွေကို ဖြည့်စွက်ပေးတာမျိုး၊ ရှစ်လေးလုံး စိတ်ဓာတ်တွေကို အခြေခံပြီး အနာဂတ် မြန်မာပြည်ကို ဘယ်လိုပုံဖော်မလဲ ဆိုတာကို အကြံပြုပေးမည် ဆိုရင်လည်း ဒါတွေအားလုံးက ပူးပေါင်းပါဝင်တာ ဖြစ်တယ်။ အဲဒီ့အတွက် ကျွန်တော်တို့ ဖိတ်ခေါ်ပါတယ်။ ဒီနှစ်ကျင်းပမယ့် အခမ်းအနားမှာ သုတေသန ပြခန်းတွေ ပါဝင်ပါတယ်။ အဲဒီ့ပြခန်းအတွက် လူထုတွေအားလုံး ပူးပေါင်းပါဝင် စေချင်တယ်။ ကျွန်တော်တို့ ဒီပွဲကို ကျင်းပတယ်ဆိုတာ အနာဟောင်းကို တူးဆွနေတာမျိုး မဟုတ်ဘူး။ ရှစ်လေးလုံး စိတ်ဓာတ်ကို အခြေခံပြီး အနာဂတ်မှာ ဘယ်လိုပူးပေါင်း ဆောင်ရွက်နိုင်မလဲ ဆိုတာကို အားလုံးစုပေါင်းဆွေးနွေးတာပဲ ဖြစ်တယ်။ အတူတူပါဝင်နိုင်မဲ့ နည်းလမ်းတစ်ခုတော့ ဖြစ်လာမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်" ဟုဆိုသည်။  

No comments :

Post a Comment

Blogger Widgets
Back to Top