မြန်မာနိုင်ငံ၌ ထုတ်ပြန်ပြဋ္ဌာန်းပြီးဖြစ်သော "ဆေးလိပ်နှင့်
ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေ" အကောင်အထည်ဖော်ရန်
နည်းဥပဒေအား ၂၀၁၃ ခုနှစ်အတွင်း ထုတ်ပြန်နိုင်ရန် ရေးဆွဲနေကြောင်း
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးဝင်းမြင့်က ဇူလိုင် ၂ ရက်က ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေး၌
ပြောကြားသည်။
"ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးဥပဒေ"
ကို တိကျစွာလိုက်နာ ကျင့်သုံးရေးအတွက် လိုအပ်သော အစီအမံများနှင့် အရေးယူ
ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းမှုအား
ဝန်ကြီးဌာနများကိုယ်စား ရှင်းလင်းပြောကြားရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော်အစိုးရ အနေဖြင့် ဥပဒေအား အကောင်အထည် ဖော်နိုင်ရန်
ဆေးလိပ်နှင့် ဆေးရွက်ကြီးပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ
အဖွဲ့ကို ၂၀၁၁ ခုနှစ် ဇန်န၀ါရီလတွင် ဖွဲ့စည်းထားကြောင်း၊ ဗဟိုကော်မတီပါ
ဝန်ကြီးဌာနများမှ ကိုယ်စားလှယ် တစ်ဦးစီဖြင့် နည်းဥပဒေ ရေးဆွဲရေး ကော်မတီ
ဖွဲ့စည်းထားကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။
"ဥပဒေကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် နည်းဥပဒေ
ရေးဆွဲရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်းပြီး ၂၀၁၃ ခုနှစ်အတွင်း
ထုတ်ပြန်နိုင်ရန်အတွက် ဆောင်ရွက်လျက် ရှိတဲ့အပြင် ဆေးလိပ်နှင့်
ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်မှု ဥပဒေပါ ပြည်သူတို့
လိုက်နာရမည့် အချက်များကို နေ့စဉ်ထုတ် သတင်းစာများမှာ ဖော်ပြပညာပေးနိုင်ရန်
စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်" ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က
ပြောကြားသည်။
အဆိုပါ ဥပဒေကို စီးပွားကူးသန်း၊ ဘဏ္ဍာအခွန်၊ ကျန်းမာရေး၊ လယ်ဆည်၊
စက်မှုဝန်ကြီးဌာနများ၏ အကောင်အထည် ဖော်နေမှု အခြေအနေအား လွှတ်တော်၌

ဦးဝင်းမြင့်က ရှင်းလင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ဥပဒေကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် နည်းဥပဒေ ရေးဆွဲရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်းပြီး ၂၀၁၃ ခုနှစ်အတွင်း ထုတ်ပြန်နိုင်ရန်အတွက် ဆောင်ရွက်လျက် ရှိတဲ့အပြင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်မှု ဥပဒေပါ ပြည်သူတို့ လိုက်နာရမည့် အချက်များကို နေ့စဉ်ထုတ် သတင်းစာများမှာ ဖော်ပြပညာပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါတယ် . . . . . |
ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း လုပ်ငန်းသည် ကျန်းမာရေးအရ အားပေးရန်
မသင့်တော်သည့် လုပ်ငန်းဖြစ်ကြောင်း၊ ပြဋ္ဌာန်းပြီးသော ဆေးလိပ်ဆေးရွက်ကြီး
သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေ၌ ပြည်တွင်းထုတ်လုပ်မှုနှင့်
ပြည်ပတင်သွင်းမှုများအပေါ် ကန့်သတ်ချက်များ ဖြည့်စွက်ထည့်သွင်းထားကြောင်း၊
သို့ဖြစ်၍ တရားမ၀င် မှောင်ခိုလမ်းကြောင်းများမှ ကုန်ပစ္စည်းများတင်သွင်း၊
တင်ပို့ခြင်း မပြုနိုင်စေရန် လှုပ်ရှားရှာဖွေတားဆီးရေး အဖွဲ့များဖြင့်
ဆောင်ရွက်လျက်ရှိကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
ထို့အပြင် စက်မှုဝန်ကြီးဌာန အနေဖြင့် စီးကရက် စက်ရုံများနှင့်
ဗာဂျီးနီးယား ဆေးလုပ်ငန်း စက်ရုံများအား ပုဂ္ဂလိကပိုင်အဖြစ်
လွှဲပြောင်းရောင်းချခဲ့မှု အခြေအနေ၊ လယ်ယာစိုက်ပျိုးရေး ၀န်ကြီးဌာန၏
ပခုက္ကူမြို့နယ်ရှိ ဆေးရွက်ကြီးစိုက် တောင်သူများအား အစားထိုးသီးနှံ
စိုက်ပျိုးရေး ဆောင်ရွက်နေမှု အခြေအနေနှင့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏
ဆေးလိပ်၊ ဆေးရွက်ကြီး လုပ်ငန်းများအား ပြည်တွင်းရောင်းချမှု၊ ပြည်ပမှ
တင်သွင်းမှုတို့အား အခွန်ကောက်ခံမှုတို့ကို ၀န်ကြီး ဦးဝင်းမြင့်က
ရှင်းလင်းပြောကြားသည်။
ယင်းအဆိုအား ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၆) အမျိုးသားလွှတ်တော်
ကိုယ်စားလှယ် ဦးခင်မောင်ရီက တင်သွင်းခဲ့ခြင်းဖြစ်ပြီး
လွှတ်တော်ကိုယ်စားလှယ် ခုနစ်ဦးက ထောက်ခံဆွေးနွေး ခဲ့ခြင်းဖြစ်ကာ
ပြည်ထောင်စုအစိုးရ အနေဖြင့် အဆိုအား ကန့်ကွက်ရန် မရှိကြောင်း
ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့ပြီး လွှတ်တော်မှ
အတည်ပြုခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဥပဒေကို နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
အစိုးရလက်ထက် ၂၀၀၆ ခုနှစ်၌ ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး ဥပဒေအာဏာ တည်နေသည်မှာ
ခြောက်နှစ်ကျော်ကာလ ရှိပြီဖြစ်သည်။

No comments :
Post a Comment