Pages

Saturday, 29 June 2013

မလေးရှားပြန် အလုပ်သမားများအား အလုပ်ရှင်များနှင့် တိုက်ရိုက်ချိတ်ဆက်ကာ One Stop Service စနစ်ဖြင့် အလုပ်ရှာပေး

6.28.8
အလုပ်ခန့်အပ်လိုသော အလုပ်ရှင်နှင့် မလေးရှားပြန် မြန်မာအလုပ်သမားများ တွေ့ဆုံခြင်း အခမ်းအနားကို ဇွန် ၂၈ ရက်က ရန်ကင်း အလုပ်သမား လေ့ကျင့်ရေး သင်တန်းကျောင်း၌ ပြုလုပ်နေစဉ်
မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိ လာသည့် မြန်မာအလုပ်သမားများအား အလုပ်ခန့်လိုသည့် အလုပ်ရှင်များနှင့် တိုက်ရိုက်ချိတ်ဆက်မှုများ ပြုလုပ်ကာ One Stop Service စနစ်ဖြင့် အလုပ်ရှာဖွေမှုများ ပြုလုပ်ပေးနေကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ သိရသည်။
အလုပ်ခန့်အပ်လိုသော အလုပ်ရှင်နှင့် မလေးရှားပြန် မြန်မာအလုပ်သမားများ၏ တိုက်ရိုက်တွေ့ဆုံခြင်း အခမ်းအနားကို ဇွန် ၂၈ ရက်က ရန်ကင်း အလုပ်သမား လေ့ကျင့်ရေး သင်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
''ပထမဆုံး လေဆိပ်မှာ အလုပ်သမားတွေကို သွားကြိုတုန်းက သူတို့ရဲ့ ဆက်သွယ်ရမယ့် လိပ်စာနဲ့ မလေးရှားမှာ လုပ်ခဲ့တဲ့ ကျွမ်းကျင်တဲ့ အလုပ်အကိုင်နဲ့ မြန်မာပြည်မှာ ဘာလုပ်မလဲ ဆိုတာတွေကို မေးခဲ့တယ်။ သူတို့ပေးတဲ့ ဖုန်းနံပါတ်တွေကို ဆက်ပြီး ဒီလို အလုပ်တွေတော့ ရှိတယ်။ စိတ်ဝင်စားရင် ဆက်သွယ်ဖို့ ပြောတယ်။ အလုပ်လိုချင်တဲ့ သူနဲ့ အလုပ်ရှင်နဲ့ကို ချိတ်ဆက်ပေးလိုက်တယ်။ အလုပ်သမားကလည်း သူရဲ့ကျွမ်းကျင်မှုကို ပြောမယ်။ အလုပ်ရှင်ကလည်း သူလိုချင်တဲ့ ကျွမ်းကျင်မှု အတိုင်းအတာကို ပြောမယ်၊ အင်တာဗျူးလုပ်ပြီး အဆင်ပြေရင် အလုပ်ခန့်မှာပေါ့။ အလုပ်ခန့်လိုက်ပြီးရင် အလုပ်သမား မှတ်ပုံတင်တွေ၊ အလုပ်ခန့်စာ စတာတွေကို One Stop Service စနစ်နဲ့ လုပ်ပေးနေတယ်'' ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးစောနိုင်က ပြောကြားခဲ့သည်။
လက်ရှိတွင် အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီနှင့် ကုမ္ပဏီ ၂၀ ကျော်မှ အလုပ်သမား ၅၆၀ ဦးကို ခေါ်ယူရန် တင်ပြထားပြီး လှိုင်သာယာ၊ မင်္ဂလာဒုံ၊ အင်းစိန်၊ တောင်ဒဂုံ၊ ရွှေပြည်သာ စသည့် စက်မှုဇုန်များမှ အလုပ်သမား ၁၂၈၂ ဦးကို ခေါ်ယူရန် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနသို့ တင်ပြထားသည်ဟု သိရသည်။
စက်မှုဇုန်များမှ လစ်လပ်နေရာအတွက် အလုပ်ခေါ်ယူထားသည့် အလုပ်အကိုင် အမျိုးအစားများတွင် စက်ပြင်၊ လျှပ်စစ်၊ စာရင်းကိုင်၊ ကွန်ပျူတာ၊ အထည်ချုပ်၊ ယာဉ်မောင်း၊ အထွေထွေ၊ သန့်ရှင်းရေး၊ Electrical၊ IT Asst စသည် တို့ကို ခေါ်ယူထားကြောင်း သိရသည်။
အလုပ်လုပ်ကိုင်လိုသော မြန်မာအလုပ်သမားများ အနေဖြင့် Complaint Mechanism Centre ဖုန်းနံပါတ် ၀၆၇-၄၃၀၀၇ သို့ ဆက်သွယ် လျှောက်ထားနိုင်ကြောင်း သိရသည်။

No comments:

Post a Comment