Blogger Widgets

Sunday, 9 June 2013

Microsoft ကုမ္ပဏီ ပြည်တွင်းဈေးကွက်သို့ စဝင်

ကမ္ဘာ့အကြီးဆုံး Software ထုတ်လုပ်သူအဖြစ် သတ်မှတ်ခံထားရသည့် Microsoft ကုမ္ပဏီ၏ ထိပ်တန်း ခေါင်းဆောင်များ မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ် ပြည်တွင်းနည်းပညာ ကုမ္ပဏီတစ်ခု ဖြစ်သည့် MIT နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံ ဈေးကွက်သို့ စတင်ဝင်ရောက်ပြီဖြစ်ကြောင်း ဇွန်လ ၆ ရက်နေ့တွင် Microsoft က အတည်ပြု ကြေညာသည်။
Microsoft ကုမ္ပဏီ၏ Corporate Vice President ဖြစ်သူ Dan’l Lewin ဦးဆောင်သည့် အဖွဲ့သည် နေပြည်တော်တွင် ကျင်းပသည့် အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်ပြီး ၄င်း၏ ခရီးစဉ်အတွင်း MIT ကို မိတ်ဖက်အဖြစ် ခန့်အပ်ကြောင်း ကြေညာခြင်း ဖြစ်သည်။
ပြည်တွင်း၌ Software ရေးဆွဲခြင်းနှင့် နည်းပညာဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်လျက်ရှိသည့် MIT (Myanmar Information Technology Co.Ltd.) ကို Microsoft ၏ မြန်မာနိုင်ငံဆိုင်ရာ ပထမဆုံးဈေးကွက် ဖွံ့ဖြိုးမှုမိတ်ဖက် (Market Development Partner) သစ်အဖြစ် ရွေးချယ်လိုက်ကြောင်း အရှေ့တောင်အာရှဒေသ အထွေထွေမန်နေဂျာ Jamie Harper က ပြောကြားသည်။
Microsoft သည် ပြည်တွင်းသို့ တရားဝင် ဝင်ရောက်လာပြီ ဖြစ်သဖြင့် Microsoft ထုတ်ကုန်များအတွက် နည်းပညာ အထောက်အပံ့များ ရရှိနိုင်မည်ဖြစ်ကြောင်း အိုင်တီပညာရှင် ဦးဇော်မင်းဦးက ပြောကြားသည်။
 “အထူးသဖြင့် Microsoft Software တွေကို ဈေးသက်သက်သာသာနဲ့ တရားဝင် အသုံးပြုလာနိုင်မယ်” ဟု ၄င်းက မှတ်ချက်ပြုသည်။

MIT သည် မြန်မာနိုင်ငံရှိ အစိုးရဌာနများ၊ ကျန်းမာရေး၊ ငွေကြေးနှင့် ဘဏ်လုပ်ငန်း ကဏ္ဍများတွင် နည်းပညာ ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိပြီး ဝန်ထမ်းပေါင်း ၃၀၀ ကျော်ရှိသည့် ပြည်တွင်းကုမ္ပဏီကြီး တစ်ခုဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဇွန်လ ၁၀ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments :

Post a Comment

Blogger Widgets
Back to Top