Pages

Sunday, 23 June 2013

ပြည်ခိုင်ဖြိုး ပါတီ၏ ဗဟိုကော်မတီ အစည်းအဝေးနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်

အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုကော်မတီ အစည်းအဝေး ပထမရက်ကို ဇွန် ၂၂ ရက်တွင် နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရုံးချုပ်တွင် ပြုလုပ်ခဲ့သည်။
နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ဗဟိုကော်မတီ အစည်းအဝေးသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက်မိန့်ခွန်း ပြောကြားခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဒုတိယဥက္ကဋ္ဌများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြသည်။
ထို့အတူ သတင်းမီဒီယာများကိုလည်း ၀င်ရောက်သတင်းရယူခွင့် မပြုခဲ့ဘဲ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ထုတ်ဝေသည့် ပြည်ထောင်စုနေ့စဉ် သတင်းစာ တစ်စောင်သာ ၀င်ရောက်သတင်းရယူခွင့် ရရှိခဲ့သည်။
ဗဟိုကော်မတီ အစည်းအဝေးကို နံနက် ၉ နာရီတွင် စတင်ကျင်းပခဲ့ပြီး ညနေ ၅ နာရီ ၀န်းကျင်တွင် ပြီးဆုံးခဲ့သည်။
အစည်းအဝေး အကြောင်းအရာများနှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီ အစည်းအဝေးများ ပြီးဆုံးသည့် ဇွန် ၂၄ ရက် ညနေ ၃ နာရီတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
"သတင်းစာ ရှင်းလင်းပွဲကို ပြည်ခိုင်ဖြိုးပါတီ အကြီးအကဲတွေ ဦးဆောင်ပြီး ပြုလုပ်သွားမှာပါ။ ဘယ်သူဘယ်ဝါ တက်မယ်ဆိုတာတော့ အခုအချိန်မှာ အတိအကျပြောလို့ မရသေးပါဘူး။ အခုပြုလုပ်နေတဲ့ ဗဟိုကော်မတီ အစည်းအဝေးမှာ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန် ပေးမှာပါ" ဟု ပြည်ခိုင်ဖြိုးပါတီ သတင်းထုတ်ပြန်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဇွန် ၂၂ ရက်တွင် ပြောကြားသည်။
အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုကော်မတီ အစည်းအဝေးများကို ဇွန် ၂၃ ရက်အထိ ဆက်လက်ကျင်းပမည် ဖြစ်သည်။

No comments:

Post a Comment