မလေးရှားရှိ မြန်မာနိုင်ငံသား အလုပ်သမားများကို ကာကွယ်စောင့်ရှောက်ရန်
ပြည်နယ်အားလုံးမှ ရဲချုပ်များထံသို့ မလေးရှား တော်ဝင်ရဲတပ်ဖွဲ့မှ
အကြောင်းကြားစာ ပေးပို့ထားကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး
ဦးတင်လတ်က ဇွန် ၁၄ ရက်တွင် ပြောကြားခဲ့သည်။
မလေးရှားနိုင်ငံ ဆလာရန်းရှိ မြန်မာနိုင်ငံသားများကို ကာကွယ်ပေးရန်
မလေးရှားနိုင်ငံ မြန်မာသံရုံးမှ ဇွန် ၁ ရက်တွင် မလေးရှား
တော်ဝင်ရဲတပ်ဖွဲ့ထံသို့ အကြောင်းကြားခဲ့ပြီးနောက် ထိုကဲ့သို့
အကြောင်းကြားစာ ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မလေးရှားတော်ဝင် ရဲတပ်ဖွဲ့မှ မြန်မာသံရုံးသို့
အကြောင်းပြန်ခဲ့သည့်စာတွင် အချက်သုံးချက် ဖော်ပြခဲ့ပြီး မလေးရှားတော်ဝင်
ရဲတပ်ဖွဲ့၏ အတွင်းရေးမှူး Dota Wan Ahmad Najmuddin Bin Mohd က
လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
အကြောင်းကြားစာတွင် မလေးရှားနိုင်ငံ၌ နေထိုင်သည့် (သို့မဟုတ်)
အလုပ်လုပ်ကိုင်သည့် မြန်မာနိုင်ငံသားများအား စောင့်ကြည့်လေ့လာရန်
ပြည်နယ်အားလုံးရှိ ရဲချုပ်များထံသို့ အကြောင်းကြားပြီး ဖြစ်ပါကြောင်း၊
မလေးရှား တော်ဝင်ရဲတပ်ဖွဲ့မှလည်း အခြားအာဏာပိုင် အဖွဲ့အစည်းများနှင့်
ပူးပေါင်းကာ တရားမ၀င် ရွှေ့ပြောင်းလုပ်သားများနှင့် မသင်္ကာသူများကို
ဖော်ထုတ်နိုင်ရန် စစ်ဆင်ရေးများ ဆောင်ရွက်လျက်ရှိကြောင်း ရေးသားခဲ့သည်။
ထို့အပြင် အကြမ်းဖက်ခံခဲ့ရသော မြန်မာနိုင်ငံသားများနှင့် သေဆုံးခဲ့ရသည့်
မြန်မာနိုင်ငံသားများ၏ အမှုကိစ္စများအား စုံစမ်းစစ်ဆေး ဖော်ထုတ်မည်
ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းအပြင် မြန်မာနိုင်ငံသားများ အနေဖြင့် ၎င်းတို့၏ ဘေးအန္တရာယ်
ကင်းရှင်းရေးအတွက် ပိုမိုဝီရိယထား၍ နေထိုင်သွားရန်နှင့်
မြန်မာနိုင်ငံသားများအပေါ် မည်သည့်အချိန်၌မဆို ခြိမ်းခြောက်မှု တစ်စုံတစ်ရာ
ရှိပါက အနီးဆုံး ရဲစခန်းသို့ သတင်းပို့ အကြောင်းကြားရန် ဖြစ်ပါသည်ဟု
ဖော်ပြခဲ့သည်။
ဇွန် ၁၃ ရက်က မလေးရှား ပြည်ထဲရေး ၀န်ကြီးဌာန၏ ရဲချုပ်နှင့်
နိုင်ငံခြားရေး ဒုတိယ၀န်ကြီး ဦးဇင်ယော် ဦးဆောင်သော
မြန်မာကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံစဉ် ဆလာရန်း အကြမ်းဖက်မှု တရားခံများ
ဖော်ထုတ်ရေးကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
''ဒီကိစ္စကို သူတို့နဲ့ ဆွေးနွေးခဲ့တယ်။ သူတို့က အမြန်ဆုံး
ဖော်ထုတ်ပေးပါ့မယ်လို့ ပြောခဲ့ပါတယ်'' ဟု သံအမတ်ကြီး ဦးတင်လတ်က The Daily
Eleven သတင်းစာသို့ ပြောကြားခဲ့သည်။

No comments :
Post a Comment