ကန်တော်ကြီးသို့ ရေဆိုးဝင်ပေါက် ဆယ်ဂဏန်းဝန်းကျင်ရှိပြီး ပတ်လည်ရှိ ဆိုင်ခန်းများနှင့် လာရောက် အပန်းဖြေသူတို့က စည်းကမ်းမဲ့ အမှိုက်ပစ်မှုကြောင့် ကန်တော်ကြီးရေပြင်မှာ တစ်နေ့တခြား ညစ်ညမ်းလာကာ အနံ့အသက်ဆိုးများ ထွက်ပေါ်လာနေသည်။
“အနှစ်နှစ်အလလကရှိတဲ့ အနည် အနှစ်တွေ၊ ရေညှိတွေထဲမှာ ပါတဲ့ နိုက်ထရိုဂျင်၊ ဖော့စဖိတ်တွေဟာ နေရောင်နဲ့ ထိရင် ရေညှိကို ပေါက် ဖွားစေပါတယ်။ ဒါကြောင့် ထပ်ကာထပ်ကာ ရေညှိတွေ ဖြစ်ပေါ်နေတာပါ” ဟု ယာစုမစဆာတိုက ဆိုသည်။
ရေညှိများသည် နွေရာသီတွင် အပေါ်တက်ကာ ထူထဲစွာ ရှိနေပြီး မိုးရာသီတွင် မိုးရေကြောင့် မော်လီကျူးများ ပြိုကွဲ ပြန့်နေသည့်အတွက် တိုင်းတာရန် ခက်သော်လည်း ၁ ဒသမ ၅ မီတာခန့် ရှိသည်ဟု ၎င်းက ခန့်မှန်းသည်။
“ကျွန်တော်တို့ဆီမှာ နီးနီးနားနား အပန်းဖြေစရာဆိုလို့ ဒီကန်တော်ကြီးပဲ ရှိပါတယ်။ မနက်စောစော လမ်းလျှောက်ရင်း လေကောင်းလေသန့် ရှူနေကျ။ ဒါပေမယ့် ပြီးခဲ့တဲ့ ဆောင်းတွင်းတစ်ခုလုံး ရေက မကောင်းတဲ့ အနံ့ထွက်နေတယ်” ဟု နံနက်တိုင်း ကန်တော်ကြီးသို့ သွားရောက် ကျန်းမာရေးလေ့ကျင့်ခန်း လုပ်သူ တာမွေမြို့နယ် ၁၃၅ လမ်းမှ ဦးစိန်ဌေးက ဆိုသည်။
ကန်တော်ကြီး ရေသန့်စင်ရေး အတွက် ရေရှင်သွင်းကာ ရေလဲလှယ်ခြင်း၊ ရေညှိများကို ပေါက်ပွားစေမည့် အောက်ပိုင်းရှိ ရေဆိုးရေညစ်များကို ဆယ်ယူခြင်းတို့ လုပ်ဆောင်၍ လက်ရှိတွင် ရေညှိနှင့် ရေအား စုပ်ထုတ်ကာ ထွက်ရှိလာသော ရေညှိနှင့် ပတ်သက်သော နိုက်ထရိုဂျင်နှင့် ဖော့စဖိတ်အား ဖယ်ရှားပြီး သန့်စင်ရေ ပြန်သွင်းခြင်း လုပ်ဆောင်လျက် ရှိသည်။
“လာပြီး အနားယူသောက်ကြ၊ စားကြတဲ့သူတွေက နေကြာစေ့၊ အမှိုက်ကလေးကစပြီး အမှိုက်ပုံးမှာ စနစ်တကျ ပစ်ခဲ့မယ်ဆိုရင် ဒီလိုဖြစ်မှာ မဟုတ်ဘူး။ ကိုယ်နေတဲ့ မြို့ကို ကိုယ့်ဘာသာ သန့်ရှင်းမှပဲရမှာ၊ အစိုးရကလည်း လုပ်သလို ပြည်သူလူထုကလည်း ပါဝင်မှ ရမှာ” ဟု TESCO YANGON ၏ ဒါရိုက်တာ ဒေါ်ဇင်ဝါသန်းက ပြောသည်။ (ပြည်မြန်မာ)

No comments :
Post a Comment