Blogger Widgets

Sunday, 9 June 2013

ရန်ကုန်ဆိုင်ကယ်

cycle1-june8
 
cycle2-june8
 
ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်း စီးနင်းနေသော ဆိုင်ကယ်နှင့် ဘက်ထရီဆိုင်ကယ် အချို့ကို ဇွန်လဆန်းက တွေ့ရစဉ်။ (ဓာတ်ပုံ - ဇော်ဌေးသန်း)

ရန်ကုန် စည်ပင်သာယာ နယ်နိမိတ် အတွင်းမှာ ဘယ်သူတွေ ဆိုင်ကယ်စီးခွင့် ရှိပါသလဲ။ ကွဲကွဲပြားပြား မသိကြပါ။ ဒါသည်ပင် ပွင့်လင်းမြင်သာမှု အားနည်းတာ ဖြစ်နေပါတယ်။

ဆိုင်ကယ်စီးနေတာတော့ အားလုံးမျက်မြင်ကိုယ်တွေ့ ဖြစ်ပါလိမ့်မယ်။ ဒါကို တာဝန်ရှိသူများဘက်က ကျွန်တော်တို့ မသိပါဘူးတော့ မလုပ်နဲ့ပေါ့။

ဟိုးရှေးခေတ် မြန်မာနိုင်ငံကို မော်တော်ဆိုင်ကယ် ဆိုတာတွေ စ၀င်လာကတည်းက စီးလာခဲ့တဲ့ ဆိုင်ကယ်ကို စစ်အစိုးရ လက်ထက်တစ်ခုမှာ ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်း ဆိုင်ကယ်ယဉ်ကျေးမှု မစီးရ ဥပဒေတစ်ခု ထုတ်ပြန်လိုက်ပါတယ်။ ဒါလည်း သူပြောကိုယ်ပြောနဲ့ လွင့်ပျံလာခြင်းပါပဲ။ အနည်းငယ် အောင်မြင်တယ်လို့ ဆိုရပါလိမ့်မယ်။ ပေတစ်ရာ လမ်းမပေါ်မှ ဆိုင်ကယ်တွေ ပျောက်သွားတယ်။ ဒါနဲ့ ပတ်သက်ပြီး ဆိုင်ကယ်လက်ဝယ် မိထားသူများကတော့ လူကြီးလမ်းကြောင်းမှာ အနှောင့်အယှက် ပေးမိလို့ဆိုတဲ့ အကြောင်းပြချက်လို တစ်မျိုး၊ လူကြီးသားသမီးများနဲ့ ပြဿနာ တက်လို့ဆိုတဲ့ အကြောင်းပြချက်တစ်ဖုံ ကြားမိပါတယ်။ ယာဉ်ကြောရှုပ်ထွေးမှုကို ဖြေရှင်းတာဆိုတဲ့ အကြောင်းပြချက်ကတော့ ဟုတ်မှန်သင့်သလောက် ဟုတ်မှန်ပါလိမ့်မယ်။
ရန်ကုန်မှာ ဆိုင်ကယ်တွေ ခဏ ပျောက်သွားတယ်။

ဦးရဲကြီးတို့တောင် စက်ဘီးနဲ့ ကင်းလှည့်တဲ့ပုံ တီဗွီမှာပြလို့။ ကြောင်ကြာကြာ ရေမငုပ်ပါဘူး။ အဖြေထုတ်သူတွေက လမ်းစကို ရှာဖွေနေပါလိမ့်မယ်။ တာဝန်ရှိသူတွေ အနေနဲ့ တာဝန်ဆိုတဲ့ လက်မှတ်တစ်ခု ကိုင်ဆောင်ခွင့် ရတဲ့အခါ လိုရာသုံး အာဏာရ ကတ်ပြားတစ်ခုလား။ ဦးရဲကြီးတို့ ဆိုင်ကယ်စီးလာကြပါပြီ။ စည်ပင်ဝန်ထမ်းကလည်း မြို့တော်စည်ပင် စတစ်ကာကပ်ပြီး ဆိုင်ကယ်စီး ကြတယ်။ စီးခွင့် ရှိသလား။ မရှိဘူးလား။ တိတိကျကျ မသိပါ။ ရန်ကုန်မြို့လယ် ကောင်မှာတော့ ဆိုင်ကယ်တွေ စုပုံနေတယ်။ ဆိုင်ကယ်စတန်းတောင် သတ်မှတ်ပေးရရဲ့။ ဒီလိုပါပဲ ပတ်စ်ပို့ရုံးအဟောင်း ရှိတုန်းကလည်း ပန်းဆိုးတန်း လမ်းကြီးပေါ်မှာ ဆိုင်ကယ်တွေ စုဝေးလို့။ လ၀က ၀န်ထမ်းများကလည်း ဆိုင်ကယ်စီးခွင့် ရှိပါသလား။

မြန်မာ့ဆက်သွယ်ရေး ၀န်ထမ်းတချို့ကို ဆိုင်ကယ်စီးခွင့် ပြုထားသလိုလို ကြားမိပါတယ်။ အနီရောင် သုတ်လိမ်းထားတဲ့ ဆိုင်ကယ်အချို့ ကားကြိုကားကြားမှာ တွေ့လိုက်ရတယ်။ ဒါနဲ့ပဲ လျှပ်စစ်ဝန်ထမ်းတွေက ကိုယ်ပိုင်ဆိုင်ကယ်တွေကို ပိတောက်ခြောက်ရောင်ဆိုးပြီး လမ်းထွက်ကြတယ်။ ရပ်ကွက်ထဲက ပတ်သက်ရာ တချို့လည်း အီးပီစီ စတစ်ကာကပ်ပြီး ခပ်တည်တည် စီးကြပါလေရော။

ရပ်ကွက်ထဲက ဦးရဲကြီးရဲ့ ဆိုင်ကယ်မှာဆို နောက်မြီးမှာ ၀ိုင်ယာလက်တပ်ဖို့ တိုင်ကြီးထောင်ထားတယ်။ ၂၂ယ... ဆိုင်ကယ်လည်း တွေ့တယ်။ ၁၉ယ...ဆိုင်ကယ်တွေလည်း တွေ့တယ်။ တရားဝင်နံပါတ် ချပေးပြီး စီးနင်းခွင့် ပြုထားလေသလား။ ဘာနံပါတ်မှ မတပ်နိုင်တဲ့ ဆိုင်ကယ်တွေလည်း ကားလမ်းမပေါ်မှာ  ဥဒဟို ပြေးလွှားနေကြလို့ . . . . .

ဘယ်ဝန်ထမ်းကို ဆိုင်ကယ်စီးခွင့် ပြုထားပါသလဲ။
ရပ်ကွက်ထဲက ဆိုင်ကယ်ဝယ်စီးနိုင်သူ တချို့ ဆိုင်ကယ်တွေ "တဝေါဝေါ" နဲ့ လမ်းသလား လာကြပါပြီ။ ရပ်ကွက်တွင်းစီးရင် ဘာမှာမဖြစ်ဘူး။ လမ်းမထွက်နဲ့ဆိုတဲ့ လက်တို့စကားတွေနဲ့ လမ်းတစ်လမ်းမှာ ဆိုင်ကယ်စီးသူ တစ်ယောက်နှစ်ယောက် ပေါ်လာပါပြီ။
ဒီကြားထဲမှာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဌာနတစ်ခုကလား မသိဘူး စက်ဘီး၊ ဆိုင်ကယ်တွေ ရောင်းပေးတယ်။ တီဗွီမှာတောင် ကြော်ငြာထိုးပြီး "ဘယ်လိုဖြစ်ရတယ် မသိ၊ ဆိုင်ကယ်စီးခွင့် မရှိပါဘူး" ဆိုတဲ့ဟာကို လက်တစ်လုံးခြား လိမ်လည်မှုတွေ မြန်မာပြည်သူ ပြည်သားတွေနဲ့ အသားကျသွားပြီး ဖြစ်ပါလိမ့်မယ်။ အဲဒီမှာပဲ တရုတ်နိုင်ငံလုပ် ဆိုင်ကယ်များ ၀င်လာပါတော့တယ်။ ရပ်ကွက် ပြည်သူတွေကလည်း ဘက်ထရီ ဆိုင်ကယ်ဆိုရင် စီးလို့ရတယ် အမှတ်နဲ့ ၀ယ်ကြတယ်။ သူက ဆီထည့်စရာမှ မလိုဘဲကိုး။ အဲဒီမှာပဲ ရန်ကုန်လမ်းမတွေပေါ်မှာ ဆိုင်ကယ် ညတိုင်းတွေ့ရပါတယ်။ ဥပဒေက ဘာဖြစ်သွားပါသလဲ။
             
ဆိုင်ကယ်ယဉ်ကျေးမှု ဘယ်လောက်ထွန်းကား လာသလဲဆို နှစ်အတန်ကြာ ပျောက်ကွယ်သွားတဲ့ ဆိုင်ကယ်ပြင် ၀ပ်ရှော့တွေ ပြန်ပေါ်လာတယ်။ ကံစမ်းမဲထည့်ဖောက်တဲ့ အထဲမှာ ဆိုင်ကယ်ပါလာတယ်။ ဓာတ်ဆီဆိုင်တွေက ဆိုင်ကယ်ကို ဓာတ်ဆီရောင်းပေး လာတယ်။ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ တာဝန်ရှိသူတွေမှ ဆိုင်ကယ်စီးခွင့် ရသလိုလို ထင်မြင်လာတဲ့ ကာလမှာ ဆိုင်ကယ်သံကြားရင် ကြောက်နေမှာလား။

အရပ်ထဲမှာ ဆိုင်ကယ်သမားကို ကြောက်နေရတယ်။ ပေါက်ပေါက်မြောက်မြောက် ရှိသူတွေပဲ စီးနိုင်ကြတဲ့ ယာဉ်ဖြစ်နေလို့။

လမ်းမီးတစ်ခြမ်း ပျက်နေလို့ ဖုန်းဆက်လိုက်ရင် အီးပီစီဝန်ထမ်းက ဆိုင်ကယ်နဲ့ ရောက်လာတယ်။ ဘာပဲပြောပြော ဆိုင်ကယ်ဆီဖိုး ကာမိအောင်တော့ ပေးရပါလိမ့်မယ်။ လမ်းထဲမှာ တိုက်ဆောက်အိမ်ပြင် လုပ်နေရင် စည်ပင်ဝန်ထမ်းက ဆိုင်ကယ်နဲ့ ရောက်လာပြီး ဓာတ်ပုံရိုက်မယ်။ ရပ်ကွက်သူ ရပ်ကွက်သား တချို့ကလည်း တရုတ်နိုင်ငံထုတ် ဆိုင်ကယ်တွေ၊ ယိုးဒယားနိုင်ငံလုပ် ဆိုင်ကယ်တွေ ၀ယ်စီးကြတယ်။ တချို့ဆို အသံထွက် အကြမ်းစားနဲ့ ဒီတီဆိုင်ကယ်ကိုတောင် စီးကြတယ်။ စည်ပင်အင်ဂျင်နီယာဟောင်း တစ်ယောက်နဲ့ မှတ်တမ်းရုံးက တပ်ကြပ်ကြီး တစ်ယောက်မှာ ဟိတ်ဟန်အပြည့်နဲ့ အယ်လ်အေဆိုင် ကယ်ကြီးတွေ ရှိကြတယ်။ စီးလည်းစီးနေကြတယ်။ ဘယ်လိုလက်မှတ်တွေနဲ့ စီးနေကြတယ်ရယ်တော့ မသိ။

ရပ်ကွက်ထဲမှာ ဆိုင်ကယ်တွေ အများကြီး ရှိတယ်။

ရန်ကုန်နယ်နိမိတ် အတွင်းမှာ ဆိုင်ကယ်တွေ အများကြီး ရှိတယ်။

ဆိုင်ကယ်တွေ အမျိုးအစားစုံ ပုံစံမျိုးစုံ တွေ့နေရပါတယ်။ ရပ်ကွက်ထဲက ဦးရဲကြီးရဲ့ ဆိုင်ကယ်မှာဆို နောက်မြီးမှာ ၀ိုင်ယာလက်တပ်ဖို့ တိုင်ကြီးထောင်ထားတယ်။ ၂၂ယ... ဆိုင်ကယ်လည်း တွေ့တယ်။ ၁၉ယ...ဆိုင်ကယ်တွေလည်း တွေ့တယ်။ တရားဝင်နံပါတ် ချပေးပြီး စီးနင်းခွင့် ပြုထားလေသလား။ ဘာနံပါတ်မှ မတပ်နိုင်တဲ့ ဆိုင်ကယ်တွေလည်း ကားလမ်းမပေါ်မှာ  ဥဒဟို ပြေးလွှားနေကြလို့။ တရားဝင် စီးနင်းခွင့် ရထားတဲ့ ဧရာဝတီဘဏ်က သူငယ်ချင်းနဲ့တွေ့မှ ဆိုင်ကယ်နံပါတ်တွေအကြောင်း ပြောရင်း ရယ်စရာ ဖြစ်ရတော့တယ်။ တွေ့မြင်နေကျ "ရကတ..." နံပါတ်တပ်ထားတဲ့ ဆိုင်ကယ်ကို ဘာလဲလို့ မေးကြည့်တော့ "ရပ် ကွက်တွင်း" ကို အတိုကောက် ရေးထားတာဆိုပဲ။ ရပ်ကွက်ထဲမှာပဲ လှည့်ပတ်စီးပေါ့။ အပြင်ထွက်ရင်တော့ အဖမ်းခံရမယ်ဆိုတဲ့ သဘော။ တကယ်တော့ "ရကတ" နံပါတ်က ရန်ကုန်တိုင်း ကိုယ်စားပြု ဖြစ်ပါလိမ့်မယ်။ "ယစက" ဆိုတဲ့ ဆိုင်ကယ်ကိုတော့ "ရေစကြို" လို့ နောက်ပါတယ်။ ရေစကြိုမှာစီးတဲ့ ဆိုင်ကယ်ပေါ့။ အမှန်က "ယာဉ်စည်းကမ်း ထိန်းသိမ်းရေး" ဖြစ်ချင်ဖြစ်မှာပေါ့။ တကယ်ရော အဲဒီနံပါတ်ပြားနဲ့ ဆိုင်ကယ်တွေ ရန်ကုန်စည်ပင် ဧရိယာထဲမှာ စီးခွင့်ရှိပါသလား။

ပြောချင်တာက စီးခွင့်မရှိဘူး သတ်မှတ်ချင်ရင် ဘယ်သူမှ မစီးနဲ့။ စီးဆိုရင်လည်း ဘယ်သူမဆို အကုန်စီး။ အဲဒီလို မဖြစ်နိုင်ဘူးလား။ အခုတော့ မစီးရ ပြောနေတဲ့ကြားက ယိုပေါက်စိမ့်ပေါက် လက်မှတ်တွေ ကိုင်ဆောင်ပြီး ဘယ်သူတွေ ရန်ကုန်မှာ စီးနေကြသလဲ။

ဟော...လမ်းထိပ်မှာ ရုတ်ရုတ်သဲသဲနဲ့ ဆိုင်ကယ် တိုက်မိလို့တဲ့။ ဦးရဲကြီးတို့ ဆိုင်ကယ်နဲ့ ရောက်လာပြီး ညှိနှိုင်းဆွေးနွေး နေကြပါတယ်။ ရန်ကုန်စည်ပင် နယ်နိမိတ်မှာ ရန်ကုန် ဆိုင်ကယ်တွေ...။

No comments :

Post a Comment

Blogger Widgets
Back to Top