လေးမျက်နှာစေတီ။
ရခိုင်ပြည်နယ် ရှေးဟောင်းမြောက်ဦးမြို့တော် ဘုရားနယ်မြေများတွင် ဘုရားသိမ်နှင့် စေတီပုထိုးများကို ဘုရားဖူးရန်ဟု အကြောင်းပြကာ ချစ်သူစုံတွဲများ လာရောက် ချိန်းဆိုတွေ့မှု များနေသောကြောင့် သမိုင်းဝင်ဘုရားများ နာမည်ပျက်သွားမည်ကို စိုးရိမ်ပူပင်မှုနှင့် လူအမြင်မှာ မသင့်တော်ဘူးဟု ဆိုကာ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်လိုသော လူပုဂ္ဂိုလ်တစ်ဦးမှ ဦးဆောင်းကာ သက်ဆိုင်ရာ အာဏာပိုင်များ ခွင့်ပြုချက်ဖြင့် လုံခြုံရေးယူထားကြောင်း သတင်းရရှိသည်။
ချစ်သူစုံတွဲများ ချိန်းဆိုတွေ့မှု အဓိကအမှီပြုနေကြသော လေးမျက်နှာ စေတီကို
လုံးခြုံရေးပိုင်း တာဝန်ယူထားသည့် ပန်းချီဆရာ ရွှေမောင်သာက
လုံခြုံရေးများချထားရသော အကြောင်းရင်းကို ယခုလိုပြောသည်။
" ကျနော်က လေးမျက်နှာကို တာဝန်ယူနေပါတယ်။ သမီးရည်းစား စုံတွဲတွေက
ဘုရားကို အမှီပြုပြီးတော့ ချိန်းတွေ့မှုတွေ များနေတဲ့အတွက် ကျနော်က
မမြင်နိုင်လို့ လူအမြင်မကောင်း၊ မသင့်တော်ဘူးထင်လို့ ကျနော်
တသီးပုဂ္ဂလအနေနဲ့ ခေါင်းဆောင်ပြီးတော့ သက်ဆိုင်ရာအာဏာပိုင်ထံ
ခွင့်ပြုချက်တွေယူလို့ လုံခြုံရေးကို တာဝန်ယူနေပါတယ်။ ကျနော်က
ဝါသနာပါတဲ့အတွက် ကျနော်တစ်ယောက်တည်း မဟုတ်ဘဲနဲ့ ကျနော့် အပေါင်းအသင်းတွေ၊
ဘေးကဝိုင်းဝန်းကူညီနေတဲ့ စေတနာရှင်တွေနဲ့ လုပ်နေပါတယ်။ တကယ်တော့
ကျနော်တို့က လုံခြုံရေး မယူနိုင်တဲ့ နေရာတွေရှိတယ်။ အထူးသဖြင့်
ကိုးသောင်းဘုရား၊ အံတော်သိမ်၊ ထုက္ကံသိမ်တွေပေါ့။ ထုက္ကံသိမ်မှာဆိုရင်
လုံခြုံရေးက ကျန်းမာသန်စွမ်းတဲ့ လူမဟုတ်ဘဲနဲ့ အဘိုးကြီးဖြစ်နေတဲ့အတွက်
အခက်အခဲတွေရှိနေပါတယ်။ ကျနော့်လိုပဲ အခြားအခြား ၀ါသနာပါတဲ့သူတွေကလည်း
ကျနော်တို့ မယူနိုင်တဲ့ နေရာတွေမှာ လုံခြုံရေးအဖြစ် လာစောင့်ပေးမယ်ဆိုရင်
ပိုကောင်းပါတယ်။ " ဟု ပြောသည်။
အဆိုပါ လုံခြုံရေးနှင့် ပတ်သက်လို့ တာဝန်ယူ စောင့်ရှောက်မည့်အကြောင်းကို
ပန်းချီဆရာ ရွှေမောင်သာမှ မြို့နယ်မယက၊ သက်ဆိုင်ရာဌာန အသီးသီး၊
သျှစ်သောင်းဘုရား ဂေါပကအဖွဲ့၊ ရှေးဟောင်းသုတေသနနှင့် မြို့လူကြီးများစသည့်
ပုဂ္ဂိုလ်များဖြင့် ညှိနှိုင်းတိုင်ပင်ဆွေးနွေးပြီးမှ
သူတို့ခွင့်ပြုချက်နှင့် လုပ်ဆောင်ရတာဖြစ်ကြောင်း ပြောသည်။
သျှစ်သောင်းဘုရား ဂေါပကအဖွဲ့ ဥက္ကဌက လည်း "
ဒီလိုလုံခြုံရေးယူထားတာကို ကျနော်တို့ သဘောကျပါတယ်။ ဘာဖြစ်လို့လဲဆိုရင်
စေတီ ဘုရားပုထိုးတွေမှာ လိုဏ်တန်းတွေရှိပါတယ်။ အံတော်သိမ်နှင့်
ထုက္ကံသိမ်တို့မှာလည်း ဒီအတိုင်းပဲ။ အဲဒီလို လိုဏ်တန်းတွေကို
ပင်ရိပ်ခေါ်ပြီးတော့ မတော်မရာတွေကို တွေ့ရပါတယ်။ သျှစ်သောင်းဘုရားမှာဆိုရင်
အများအားဖြင့် အံတော်သိမ်ဘုရား မြောက်ဘက်မှ ရှိတတ်ကြပါတယ်။
မှောင်ရိပ်တွေမှာပေါ့။ ကျနော်တို့က အဲဒီနေရာမှာ အစောင့်ချပေးထားပါတယ်။
ဒါပေမယ့် တခါတခါကျရင် အစောင့်တွေနဲ့ စကားများ ကျနော့်ကိုလာတိုင်
ကျနော်ကသွားကြည့် အဲလိုမျိုးလေးတွေပေါ့။ တချို့လူငယ်တွေဆိုရင်
ဆေးခြောက်လာရှုတာတွေရှိတယ်။ ကျနော်တို့လည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့
ထိန်းပါတယ်။ " ဟု ပြောသည်။
ကိုးသောင်းဘုရားအတွင်းလိုဏ်ဂူ။
မြောက်ဦးမြို့ပေါ်နေ လူပျိုကြီး ကိုထွန်းထွန်းကလည်း " သမီးရည်းစားတွေ
ဘုရားပေါ်မှာ ချိန်းတွေ့တာတော့ မကောင်းပါဘူး။ ဘုရားမှာက နိုင်ငံခြား
ဘုရားဖူးဧည့်သည်တွေ၊ ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည်တွေရှိနေတဲ့အတွက်
သူတို့မြင်သွားလို့ရှိရင် အမြင်လည်းမကောင်းဘူး၊ ကိုယ်တို့ကိုပြောစရာတွေလည်း
ဖြစ်လာပါမယ်။ ခေတ်ရေစီးကြောင်းအရ အနောက်တိုင်းကနေ စီးဆင်းလာတဲ့
ယဉ်ကျေးမှုတွေ၊ အပြုအမူတွေကို အတုယူလုပ်ဆောင်ပြီးတော့ ဘုရားပေါ်မှာ
မသင့်တော်တဲ့နေရာတွေမှာ မဖွယ်မရာ အမျိုးမျိုးလုပ်နေတာဟာ မလုပ်သင့်ဘူး။
ဘုရားနဲ့လည်း မတင့်တယ်ဘူး။ ဘုရားဖူးဧည့်သည်တွေအတွက်လည်း
အနှောင့်အယှက်ဖြစ်ပါတယ်။ ဒီကိစ္စကိုတော့ ကျနော်အနေနဲ့ ပြင်းပြင်းထန်ထန်
တားဆီးဖို့လိုအပ်တယ်လို့မြင်ပါတယ်။ " ဟု ပြောသည်။
ယခုလို လုံခြုံရေးယူထားခြင်းသည် မြောက်ဦးမြို့ကို ဘုရားဖူးဧည့်သည်များ
ဘုရားဖူးလာရောက်မည်ကို ထိခိုက်မှုမရှိကြောင်း၊ လုံခြုံရေးကို ဇွန်လ ၁
ရက်နေ့က စပြီးယူထားကြောင်းနှင့် ခေတ်ကာလ သားပျိုသမီးပျိုများ
ချိန်းဆိုတွေ့မှု ယခင်ကထက် လျှော့နည်းသွားကြောင်း ပန်းချီဆရာ
ကိုရွှေမောင်သာမှ ပြောသည်။

No comments :
Post a Comment