Blogger Widgets

Friday, 28 June 2013

အမေရိကန်ပြည်ထောင်စုနှင့် မြန်မာနိုင်ငံတို့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန် သဘောတူလက်မှတ်ရေးထိုး

6.27.3
USAID အထောက်အပံ့ဖြင့် လည်ပတ်နေသော ထိုင်း-မြန်မာနယ်စပ်ရှိ စာသင်ကျောင်း (Photo:www.usaid.gov)
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒဲရစ်မစ်ချဲနှင့် အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဆက်အောင်တို့သည် ဇွန် ၂၇ ရက်တွင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအတွက် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးကာ နှစ်ဦးနှစ်ဖက် သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုး ခဲ့ကြသည်။ အဆိုပါ သဘောတူညီချက်သည် အမေရိကန်သမ္မတ ဘားရက်အိုဘားမားမှ ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံအား နှစ်နှစ်တာ ဘဏ္ဍာရေး အကူအညီအဖြစ် ဒေါ်လာသန်း ၁၇၀ ပေးအပ်မည့် အစီအစဉ်အား တရားဝင် အတည်ပြုလိုက်ခြင်းလည်း ဖြစ်သည်။
"လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းက မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ တိုးတက်ပြောင်းလဲလာတာ တွေ့ရမှာပါ။ ပြုပြင်ပြောင်းလဲမှုတွေက ကောင်းမွန်တဲ့ တိုးတက်မှုတွေ ရရှိဖို့အတွက် အခွင့်အလမ်းကောင်းတွေ ပေါ်ပေါက်စေသလို စိန်ခေါ်မှု အသစ်တွေလည်း ဖြစ်ပေါ်စေမှာပါ။ အခုချုပ်ဆိုခဲ့တဲ့ သဘောတူညီချက်ဟာ ပြုပြင်ပြောင်းလဲမှုအပေါ်မှာ ထားရှိတဲ့ အမေရိကန် ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံရဲ့ အားပေးထောက်ခံမှုကို အထောက်အပံ့ ဖြစ်စေမှာပါ" ဟု သံအမတ်ကြီး ဒဲရစ်မစ်ချဲက သတင်းကြေညာချက် တစ်ခုတွင် ထည့်သွင်းပြောဆိုခဲ့သည်။
အဆိုပါ သဘောတူညီချက်သည် မြန်မာနိုင်ငံနှင့် အမေရိကန် ပြည်ထောင်စု တို့ကြားတွင် ပူးပေါင်းဆောင်ရွက်မှုများအား အသေးစိတ် လမ်းညွှန်ဖော်ပြထားသည်။ အထူးသဖြင့် United States Agency for International Development (USAID) ၏ လုပ်ဆောင်မှုများ အတွက်ဖြစ်ပြီး ၄င်းသည် ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တရားဥပဒေ စိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသား ရင်ကြားစေ့ရေး၊ အစားအသောက်များတွင် အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး လုပ်ငန်းများကို ကမ္ဘာအနှံ့ လုပ်ဆောင်ပေးနေသည့် အမေရိကန် ပြည်ထောင်စု၏ အစိုးရအဖွဲ့အ စည်း တစ်ခုဖြစ်သည်။
ပထမဆုံး အမေရိကန်-မြန်မာ စီးပွားရေး အကျိုးတူ ပူးပေါင်းလုပ်ဆောင်မှုကို ၁၉၅၀ ပြည့်နှစ် စက်တင်ဘာလတွင် လက်မှတ်ရေးထိုး သဘောတူညီခဲ့ပြီး အဆိုပါ သဘောတူညီချက်အရ (USAID) နှင့် မြန်မာအစိုးရတို့ ပူးပေါင်းကာ သင်တန်းပေးခြင်း၊ နည်းပညာ ၀န်ဆောင်မှု လုပ်ငန်းများနှင့် စိုက်ပျိုးရေး နည်းပညာများ လုပ်ဆောင်ခဲ့သည်။ မြန်မာနိုင်ငံတွင် (USAID) ၏ ပူးပေါင်းဆောင်ရွက် မှုများသည် ၁၉၆၂ ခုနှစ် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း ရပ်တန့်ခဲ့ရသည်။ ဒီမိုကရက်တစ် ဆန္ဒပြပွဲများအား နှိမ်နင်းခဲ့ပြီး ၁၉၈၉ ခုနှစ်အထိ အကန့်အသတ်ဖြင့် အထောက်အပံ့များ ပေးအပ်ခဲ့သည်။ ၁၉၉၈ ခုနှစ်မှ စတင်၍ ကျန်းမာရေး ကဏ္ဍအတွက်သာ သီးသန့်ထောက်ပံ့မှုများ ပြုလုပ်ခဲ့သည်။

No comments :

Post a Comment

Blogger Widgets
Back to Top