Pages

Tuesday, 7 May 2013

ကန်စွန်းရွက်စား၍ လူ ၁၆ ဦး အစာအဆိပ်သင့်

ရန်ကုန်၊ မေ ၆

တရုတ်နိုင်ငံထုတ် အပင်အားတိုးဆေး ဖျန်းထားသည့် ကန်စွန်းရွက်ကို စားသုံးခဲ့သူ ၁၆ ဦး အစာအဆိပ်သင့်မှု မေလ ၅ ရက် ညနေ ၄ နာရီက ရန်ကုန်တိုင်း ဒေသကြီး ကျောက်တန်းမြို့နယ် သောင်ကြီးကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

အစာအဆိပ်သင့် သူများတွင် အသက်ခုနစ်နှစ်အရွယ် ကလေးငယ် မှ အသက် ၆၀ အရွယ် အထိပါဝင်ကြောင်းနှင့် ၄င်းတို့သည် မူးဝေခြင်း၊ အော့အန်ခြင်းများ ဖြစ်ပွားခဲ့ကြောင်း ကျောက်တန်း ရဲတပ်ဖွဲ့စခန်းထံမှ စုံစမ်းသိရှိရသည်။

ဆေးဖျန်း ကန်စွန်းရွက် များကို သောင်ကြီးရွာနှင့် လေးဖာလုံ ဝေးသည့် ပီလခတ်ကျေးရွာမှ ဒေါ်ပါးပါးက လာရောက်ရောင်းချ ခဲ့ကြောင်း၊ ကန်စွန်းရွက် ရောင်းသူ သည် အခြားကျေးရွာများကိုပါ ရောင်းချခဲ့သော်လည်း အစာအဆိပ်သင့်မှု မဖြစ်ပွားဘဲ သောင်ကြီးရွာ လူအချို့သာ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ကျောက်တန်းမြို့နယ် ရဲတပ်ဖွဲ့စခန်း မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

လာရောက် ရောင်းချခဲ့သူသည် ဟင်းသီးဟင်းရွက်များကို ကိုယ်တိုင်စိုက်ပျိုး ရောင်းချသူဖြစ် ပြီး ကန်စွန်းရွက်များကို မေလ ၂ ရက် နေ့က တရုတ်နိုင်ငံထုတ် အပင်အားတိုးဆေး ဖျန်းပက်သုံးစွဲထားကြောင်း အဆိုပါ ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

အစာအဆိပ်သင့်သူများ ယင်းနေ့ကပင် ကျောက်တန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေ ပြီး အစာအဆိပ်သင့်သူ ခုနစ်ဦးကို ပြင်ပလူနာနှင့် ကျန်လူကိုးဦးကို အတွင်းလူနာအဖြစ် စောင့်ကြည့်ကာ ကုသနေပြီး စိုးရိမ်စရာ မရှိကြောင်း၊ ဆေးရုံတွင်၂၄ နာရီ စောင့်ကြည့် ပြီးပါက ဆေးရုံမှဆင်းခွင့်ရရှိ မည်ဖြစ်ကြောင်း အဆိုပါဆေးရုံမှ ဒေါက်တာဒေါ်မိုးမိုးခိုင်က The Voice သို့ ပြောကြားသည်။
"ဒီလိုအစာအဆိပ် သင့်တာက ကန်စွန်းရွက်ကို သေသေချာချာ မဆေးလို့ ဖြစ်နိုင်ပါတယ်"ဟု ဒေါက်တာ ဒေါ်မိုးမိုးခိုင် က သုံးသပ်ပြောကြားသည်။

ကန်စွန်းရွက်ရောင်းချသူ အသုံးပြုခဲ့သည့် တရုတ်နိုင်ငံထုတ် အပင်အားတိုးဆေး ဘူးများကို အမျိုးသား ဓာတ်ခွဲခန်းသို့ ပို့ကာ စစ်ဆေးလျက်ရှိကြောင်း ကျောက်တန်း ဆေးရုံမှ ဒေါက်တာဒေါ်မိုးမိုးခိုင်က ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment