Pages

Wednesday, 8 May 2013

ပြည်ခိုင်ဖြိုးနဲ့ စွမ်းအားရှင် မည်သို့မျှ သက်ဆိုင်ခြင်း မရှိဟု ဦးဌေးဦး တရားဝင်ပြော

တပ်မတော် အစိုးရလက်ထက် ဖြစ်ပွားခဲ့သော ဒီမိုကရေစီ လှုပ်ရှားမှုများ၌ ဖြိုခွင်းရာတွင် ပါဝင်ခဲ့သော စွမ်းအားရှင်အဖွဲ့၌ ပြည်ခိုင်ဖြိုးပါတီဝင်များ ပါဝင်နေခဲ့သည်ဟု ထိုစဉ်ပြည်ခိုင်ဖြိုးအသင်းကြီး ဖြစ်စဉ်တုန်းက သတင်းများထွက် ပေါ်ခဲ့ပြီး လက်ရှိအစိုးရသစ်လက်ထက် ဖြစ်ပွားခဲ့သော ပဋိပက္ခများအတွင်း၌လည်း စွမ်းအားရှင် အမည်ခံ အရပ်ဘက်မှ လူများ ပါဝင်နေသည်ဟု အသံများထွက်နေသည့်အတွက် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးအား ယင်းကိစ္စနှင့်ပြည်ခိုင်ဖြိုး၏ အခန်းကဏ္ဍအပေါ် ဆက်သွယ်မေးမြန်းခဲ့ရာ ဦးဌေးဦးမှ ပြည်ခိုင်ဖြိုးအနေဖြင့် စွမ်းအားရှင် မွေးထားခြင်း လုံးဝမရှိကြောင်းနှင့် စွမ်းအားရှင်ဆိုသူများနှင့် မိမိတို့ပါတီ မည်သို့မျှ သက်ဆိုင်ခြင်း မရှိကြောင်း တရားဝင် ပြောကြား သွားခဲ့သည်။
“ယခင်အနေနဲ့ပြောရရင် ပြည်ခိုင်ဖြိုးအသင်းနဲ့ စွမ်းအားရှင် လုံးဝ မပတ်သက်သလို လက်ရှိ အနေအထားအရလည်း စွမ်းအားရှင် ဆိုတာနဲ့ ပြည်ခိုင်ဖြိုးပါတီ လုံးဝမပတ်သက်ပါဘူး။ ကျွန်တော်တို့ ယခင်တပ်မတော်အစိုးရလက်ထက်မှ ပြည်ခိုင်ဖြိုးအသင်းကြီး စတည်ထောင်တယ်။ အဲဒီထဲကစပြီး ပြီးခဲ့တဲ့ ၂၀၁၀ မှာ အသင်းကြီးကို ပါတီအဖြစ် ပြောင်းလဲဖွဲ့စည်းကာ ပြောရရင် ခုချိန်ထိကို ပြည်ခိုင်ဖြိုး လူငယ်တွေ၊ ပါတီဝင်တွေကို ပြည်သူလူထုအကျိုး ထိရောက်စွာ သယ်ပိုးနိုင်စေဖို့အတွက် တိုင်းပြည်အတွက် အကျိုးရှိမယ့် လူ့စွမ်းအား အရင်းအမြစ်တွေဖြစ်လာစေဖို့အတွက် စတဲ့ရည်ရွယ်ချက်တွေနဲ့ ပြည်သူ့ ၀န်ဆောင်မှု သင်တန်းတွေ၊ ကွန်ပျူတာ၊ အင်္ဂလိပ်စာ စတဲ့သင်တန်းတွေ ပေးခဲ့တာပဲ ရှိတယ်။
သူတို့ရဲ့ Capacity မြင့်အောင် လူထုကို အကျိုးပြုနိုင်အောင် သင်တန်းပေးတာမျိုးပဲ ရှိတယ်။ လူထုအကျိုးယုတ်စေမယ့် ဘယ်လို သင်တန်းမျိုးကိုလည်း လုံးဝ မပေးခဲ့ဘူး။ အရင်ကဖြစ်ခဲ့တဲ့ ပဋိပက္ခတွေမှာရော လက်ရှိ အစိုးရသစ်လက်ထက်မှာဖြစ်ပွားတဲ့ ပြည်တွင်း ပဋိပက္ခတွေမှာရော စွမ်းအားရှင်ဆိုတာမျိုးတွေပါခဲ့ရင် (သို့) ရှိခဲ့ရင်လည်း သူတို့ကိုသင်တန်းပေးတာ ပြည်ခိုင်ဖြိုး လုံးဝ မဟုတ်သလို သူတို့တွေထဲမှာလည်း ပြည်ခိုင်ဖြိုး လုံးဝပါဝင်ပတ်သက်မှု မရှိပါဘူး” ဟု ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌ ဦးဌေးဦးက Hot News ၏ ဆက်သွယ်မေးမြန်းချက်အား ပြန်လည်ဖြေကြားပေးသွားခဲ့သည်။
ယခင် တပ်မတော်အစိုးရလက်ထက်အခါတုန်းကလည်း ဆန္ဒပြသူများအား နှိမ်နင်းရာ၌ စွမ်းအားရှင်ဟု လူသိများသော လူများ ပါဝင်ခဲ့ပြီး ဆန္ဒပြသူများအား နှိမ်နင်းရာ၌ လက်သံပြောင်ခဲ့သည့်အတွက် လူသိများခဲ့သည်။ လက်ရှိ အစိုးရလက်ထက်ဖြစ်ပွားခဲ့သော ပဋိပက္ခများတွင်လည်း စွမ်းအားရှင်ဆိုသူများ ပါဝင်နေနိုင်ကြောင်း နိုင်ငံရေး အသိုင်းအ၀ိုင်းမှ သုံးသပ်လျက် ရှိနေကြသည်။

No comments:

Post a Comment