Blogger Widgets

Sunday, 23 June 2013

အေအာတီ ဆေးဝါးများအား မြို့နယ်အဆင့်ဆေးရုံ၊ ဆေးပေးခန်းများတွင်ပါ ထောက်ပံ့ပေးမည်

art-june23
ပခုက္ကူဆေးရုံသို့ အေအာတီဆေးဝါး လာယူသည့် အေအိုင်ဒီအက်စ် ဝေဒနာရှင်များကို မေလအတွင်းက ပခုက္ကူမြို့နယ်ရှိ နှင်းဆီရင်ခွင် လူမှုကူညီရေး အသင်း၌ တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
ကျန်းမာရေး ၀န်ကြီးဌာန အနေဖြင့်  အေအာတီ ဆေးဝါးများကို ယခုဘဏ္ဍာနှစ်မှ စတင်ပြီး မြို့နယ်အဆင့်ဆေးရုံ၊ ဆေးပေးခန်းများတွင်ပါ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရသူ ခန့်မှန်းဦးရေ နှစ်သိန်းဝန်းကျင်ခန့် ရှိနေပြီး ပိုးရှိသူများအနက်မှ လူဦးရေ တစ်သိန်းနှစ်သောင်းကျော်မှာ အေအာတီဆေးဝါး လိုအပ်နေသူများ ဖြစ်ကြောင်းနှင့် အေအာတီဆေးဝါး ရရှိသူ ဦးရေမှာ ငါးသောင်းကျော်သာရှိကြောင်း ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ကျန်းမာရေး ၀န်ကြီးဌာန အနေဖြင့် ၂၀၀၅ ခုနှစ်တွင် အေအာတီစတင် ပံ့ပိုးခဲ့စဉ်က ဝေဒနာရှင် နှစ်ထောင်ကျော်သာ ပံ့ပိုးပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ပြည်တွင်းပြည်ပ လူမှုရေး အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဝေဒနာရှင် ငါးသောင်းကျော်အထိ ပံ့ပိုးနိုင်ပြီဖြစ်သည့်အတွက် အေအိုင်ဒီအက်စ် ဝေဒနာရှင်များ၏ ၄၃ ရာခိုင်နှုန်းကို ပံ့ပိုးပေးနိုင်ပြီးဖြစ်ကြောင်းနှင့် လာမည့် ၂၀၁၆ ခုနှစ်တွင် ဝေဒနာရှင်များ၏ ၈၅ ရာခိုင်နှုန်းထိ ပံ့ပိုးပေးနိုင်ရန် ရည်မှန်းထားကြောင်းလည်း သိရသည်။
"၂၀၁၁ ခုနှစ်နောက်ပိုင်းမှာ ကျန်းမာရေး ၀န်ကြီးဌာနအနေနဲ့ ဘတ်ဂျက်တွေလည်း တိုးရလာတဲ့အတွက် အိတ်ခ်ျအိုင်ဗွီနဲ့ ပတ်သက်ပြီး ဆေးနှင့်ဆေးပစ္စည်းတွေကို ပံ့ပိုးပေးတာပါ။ အရင်ကတော့ ခုလိုပံ့ပိုးပေးခဲ့တာမျိုး မရှိပါဘူး။ အရင်က ပြည်သူ့ဆေးရုံကြီးတွေနဲ့ တိုင်းနဲ့ပြည်နယ် အဆင့်ရှိတဲ့ ဆေးရုံတွေမှာ  အေအာတီ ဆေးတွေကို ပံ့ပိုးပေးတယ် အဲဒီမှာတော့ ဆေးပေးတာရော၊ ကုသတာရော၊ နှစ်သိမ့်ဆွေးနွေး ပညာပေး အစီအစဉ်တွေရော အကုန်လုပ်ပေးတယ်။ ခု ၂၀၁၃ ခုနှစ် ဇူလိုင်ကနေ စပြီးတော့ မြို့နယ်အဆင့်ရှိတဲ့ ဆေးရုံဆေးပေးခန်းတွေမှာပါ ဆေးပေးသွားမယ်။ အဲ့ဒီနေရာတွေကိုတော့ စဉ်ဆက်မပြတ် အေအာတီဆေး ပံ့ပိုးတဲ့စင်တာအဖြစ် သတ်မှတ်ပြီး ဆေးပေးသွားမယ်။ အဓိကက ဆေးသောက်တာကြာပြီဖြစ်တဲ့ ခြောက်လ၊ တစ်နှစ်ရှိတဲ့ လူနာတွေက နီးစပ်ရာ ဌာနတွေမှာ ဆေးအလွယ်တကူ ယူနိုင်ဖို့အတွက်ပါ" ဟု ကျန်းမာရေး ဦးစီးဌာန၊ ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေး စီမံချက်မှ လက်ထောက်ညွှန်ကြားရေးမှုး ဒေါက်တာထွန်းညွှန့်ဦးက ပြောကြားခဲ့သည်။
ကျန်းမာရေး ၀န်ကြီးဌာန အနေဖြင့်  ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်းက ကျပ်သိန်း ၃၀၀၀ ၀န်းကျင် တန်ဖိုးရှိ အေအာတီဆေးများကို ၀ယ်ယူရန် လျာထားခဲ့သော်လည်း တင်ဒါပေးမည့်သူ မရှိသည့်အတွက် ၀ယ်ယူခဲ့ခြင်း မရှိသေးသော်လည်း အိတ်ခ်ျအိုင်ဗွီပိုး စစ်ဆေးသည့် testkit များကို သွေးကောင်းသွေးသန့် ရရှိရေး စီမံချက်ဖြင့် ၂၀၁၁-၂၀၁၂ အတွင်းမှ စတင်ကာ ပြည်သူ့ဆေးရုံ၊ ဆေးခန်းအချို့တွင် ဖြန့်ဝေခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ကျန်းမာရေး ဦးစီးဌာန အနေဖြင့် အေအိုင်ဒီအက်စ် ဝေဒနာရှင်များအတွက် ၂၀၀၅ ခုနှစ်မှ စတင်၍ ရန်ကုန်တိုင်းရှိ ဝေဘာဂီဆေးရုံ၊ မန္တလေးပြည်သူ့ဆေးရုံနှင့်  ထိုင်း-မြန်မာ နယ်စပ်ရှိ ဆေးရုံလေးရုံတွင် အေအာတီ ဆေးများကို ပံ့ပိုးခဲ့သည်။

No comments :

Post a Comment

Blogger Widgets
Back to Top