၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ အကူအညီပေး
အမေရိကန်ဒေါ်လာ သန်း ၉၄၀ ပေးသွားရန် ကတိပြုထားကြောင်း ဂျပန်သံရုံးမှ
ထုတ်ပြန်သော သတင်းများအရ သိရှိရသည်။
''ဂျပန်နိုင်ငံအနေနဲ့ ၀န်ကြီးချုပ် မြန်မာနိုင်ငံကို လာတဲ့အချိန်မှာ
အကူအညီပေးငွေ အမေရိကန်ဒေါ်လာ သန်း ၉၄၀ ပေးသွားမယ်လို့ ကတိပြုထားတာရှိတယ်။
ယန်းအနေနဲ့ ဆိုရင်တော့ ၉၁ ဘီလျံ ရှိပါတယ်။ အဲဒီထဲကမှ ၅၁ ဘီလျံ(ယန်း)ကို ODA
အနေနဲ့ ပေးတဲ့အတွက်ကြောင့်မို့ သူက အတိုးပေးရပါတယ်။ အတိုးကတော့ တစ်နှစ်ကို
ဝဒသမ၀၁ ရာခိုင်နှုန်းပဲ ရှိပါတယ်။ နှစ် ၄၀ ကာလအတွင်း ချေးတာပါ။ ကျန်တဲ့ယန်း
၄၀ ဘီလျံကတော့ အတိုးမပါဘဲ အထောက်အပံ့ အနေနဲ့ ပေးတာပါ'' ဟု ဂျပန်သံရုံးမှ
အတွင်းဝန် Masahiro Fujikawa က ပြောကြားခဲ့သည်။
ယင်းကဲ့သို့ အကူအညီပေးရာတွင် ဂျပန်နိုင်ငံ အနေနှင့် ၂၀၁၃ ခုနှစ် မတ် ၂၂
ရက်တွင် နေပြည်တော်၌ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး
ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနနှင့် စီမံကိန်း ၇ ခုအား
လက်မှတ်ရေးထိုးခဲ့ပြီး ထိုစီမံကိန်း အကောင်အထည် ဖော်ရန်အတွက် အမေရိကန်ဒေါ်လာ
၁၆၅ သန်း ဂျပန်နိုင်ငံမှ ပေးအပ်သွားမည် ဖြစ်ကြောင်း ထိုစီမံကိန်းမှာ
ပြည်သူလူထု၏ အသက်မွေးဝမ်းကြောင်း တိုးတက်ကောင်းမွန်လာရေး ဆိုင်ရာ
အထောက်အပံ့ အဖြစ်လည်းကောင်း၊ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု
အတွက်လည်းကောင်း၊ ရေရှည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက်လည်းကောင်း
ရည်ရွယ်ကြောင်း သိရှိရသည်။
ထို့အတူ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများနှင့်လည်း စီမံကိန်းလေးခုအား
လက်မှတ်ရေးထိုးထားပြီး အဆိုပါ စီမံကိန်းတွင် ရှမ်း၊ ကချင်၊ ချင်း
ပြည်နယ်များတွင် ပြန်လည်နေရာ ချထားရေးအတွက် အမေရိကန်ဒေါ်လာ ၇ ဒသမ ၃၆ သန်းကို
UN-HABITAT သို့လည်းကောင်း၊ ကျေးလက်ဒေသအထိ အစိုးရယန္တရားများ စွမ်းဆောင်ရည်
မြှင့်တင်ရေးနှင့် လူမှုပတ်ဝန်းကျင် တိုးတက်ရေးအတွက် အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၇
သန်း UNDP သို့လည်းကောင်း၊ လူမျိုးစုများ နေထိုင်ရာ ဒေသများတွင်
အစားအသောက် ထောက်ပံ့ရေးအတွက် WFP သို့ အမေရိကန် ဒေါ်လာ ၂၁
သန်းကိုလည်းကောင်း၊ စစ်ဘေး ဒုက္ခသည်များအတွက် UNHCR သို့ လှူဒါန်းငွေ ၆ဒသမ ၉
သန်း ပါဝင်ကြောင်း သိရှိရသည်။ကျန်ငွေများမှာ ODA (Official Develop-ment
Assistance) အဖြစ် ပေးသောငွေများ ဖြစ်ကြောင်း သိရှိရသည်။

No comments :
Post a Comment