ဒေသနှင့် လုပ်ငန်းအမျိုးအစားများအလိုက် အနည်းဆုံး အခကြေးငွေ
နှုန်းထားများ သတ်မှတ်နိုင်ရေး ဆောင်ရွက်မည်ဖြစ်ပြီး အလုပ်သမားများ
စိတ်ရှည်ရန်လိုကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောကြားသည်။
ဇွန် ၂၂ ရက်က ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ
ရန်ကုန်ပန်ပစိဖိတ် အထည်ချုပ်စက်ရုံနှင့် တောင်ဥက္ကလာပ မြို့နယ်ရှိ
မြန်မာဟေးဝေး အထည်ချုပ် စက်ရုံများသို့ သွားရောက်ကွင်းဆင်း ကြည့်ရှုရာတွင်
အလုပ်သမားများနှင့် စက်ရုံပိုင်ရှင်များအား အလုပ်သမားဝန်ကြီး
ဦးမောင်မြင့်က ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ အနည်းဆုံး အခကြေးငွေနှုန်းထား သတ်မှတ်ပေးရန် အနည်းဆုံး
အခကြေးငွေ ဥပဒေအား ပြဋ္ဌာန်းဖြစ်ပြီး မကြာမီ နည်းဥပဒေကို ပြဋ္ဌာန်းမည်ဖြစ်ကာ
တိုင်းဒေကြီး၊ ပြည်နယ်များတွင် ကော်မတီ အဖွဲ့များ ဖွဲ့စည်း၍
စက်ရုံအလုပ်ရုံများသို့ ကွင်းဆင်းလေ့လာမည်ဖြစ်ကြောင်း၊ လူမှုဖူလုံရေး
ဥပဒေကိုလည်း ပြဋ္ဌာန်းပြီးဖြစ်၍ နည်းဥပဒေကိုလည်း ရေးဆွဲနေကြောင်း၊ အလုပ်သမား
အခွင့်အရေး ရရှိရန် အလုပ်သမားရေး ၀န်ကြီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိပြီး
ပြည်ပနိုင်ငံရေး ပယောဂများ သွပ်သွင်းမခံရရေး သတိပြုရန်လိုကြောင်း
အလုပ်သမားဝန်ကြီး ဦးမောင်မြင့်က ပြောကြားသည်။
"သမ္မတကြီး ဦးဆောင်သော အစိုးရအဖွဲ့သည် လယ်သမား၊ အလုပ်သမားများ၏ ဆင်းရဲမှု
လျှော့ချရန် ကြိုးပမ်းနေကြောင်း၊ လူတိုင်းအလုပ်လုပ်နိုင်ရမည်။
အလုပ်လုပ်သူတိုင်း ကျွမ်းကျင်မှု မြင့်မားလာတာနဲ့အမျှ ထိုက်သင့်သည့်
လုပ်ခလစာ ရရှိစေရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်း
ရရှိစေရန် လုပ်သားအင်အား အခြေပြု စက်ရုံများ ဖွင့်လှစ်နိုင်ရန် နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်လျက်ရှိပါတယ်" ဟု အလုပ်သမား
ဝန်ကြီးဦးမောင်မြင့်က ပြောကြားကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြားတွင်
ထုတ်လွှင့်ချက်အရ သိရသည်။

No comments :
Post a Comment