Blogger Widgets

Saturday, 22 June 2013

မြန်မာနိုင်ငံတွင်တွေ့ရှိပြီး သဘာဝဓာတ်ငွေ့ ပမာဏထက် ရှာဖွေခြင်း မပြုရသေးသည့် ဓာတ်ငွေ့ပမာဏ ပိုများနိုင်ကြောင်း မက်ကင်ဆေး အစီရင်ခံစာတွင် ဖော်ပြထား

6.21.1
တရုတ်-မြန်မာ နယ်စပ်အနီးရှိ မြန်မာဘက်မှ ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းအတွက် ပိုက်လိုင်းများ တင်ဆောင်လာသည့် ယာဉ်အား တွေ့ရစဉ်
မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ တွေ့ရှိ ပြီး သဘာဝဓာတ်ငွေ့ ပမာဏကို တွက်ချက်ကြည့်ပါက ကမ္ဘာပေါ်တွင် အဆင့် ၄၆ တွင် ရှိသော်လည်း ရှာဖွေခြင်း မပြုရသေးသော ဓာတ် ငွေ့ပမာဏ များစွာရှိနိုင်ကြောင်း အမေရိကန် အခြေစိုက် (The MCkinsey Global Institute) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
အဆိုပါ အစီရင်ခံစာနှင့် ပတ်သက်၍ ''ကျွန်တော်တို့ ကမ်းလွန်မှာ သဘာဝ ဓာတ်ငွေ့သိုက်တွေ အများကြီး ရှိပါသေးတယ်။ နည်းပညာ နည်းခဲ့တာရော စွမ်းအင်နဲ့ ပတ်သက်တဲ့ စီးပွားရေး လုပ်ငန်းကြီးတွေ ၀င်လာနိုင်တဲ့ အခြေအနေ မရှိတာတွေကြောင့် ဟိုတုန်းကတွေ့ရှိမှု အားနည်းနေတာပါ။ အခုတော့ ကမ္ဘာ့စွမ်းအင်ဆိုင်ရာ ကော်ပိုရေးရှင်းကြီးတွေ ၀င်လာတော့မှာပါ''ဟု Smart group of Companies မှ ဦးကျော်ကျော်လှိုင်က ပြောကြားသည်။
လက်ရှိအခြေအနေတွင် ကမ်းလွန်လုပ်ကွက်ရှိ သဘာဝဓာတ်ငွေ့သိုက် လေးခုမှ သဘာဝဓာတ်ငွေ့များကို ရှာဖွေတွေ့ရှိထားပြီး ယင်းအနက် ရတနာနှင့် ရဲတံခွန်မှထွက်သော သဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချနေကြောင်း၊ ရတနာ သဘာဝဓာတ်ငွေ့မှ သဘာဝဓာတ်ငွေ့များကို နေ့စဉ်တစ်နေ့လျှင် ကုဗပေသန်း ၆၄၀ ကို ထိုင်းနိုင်ငံသို့ နှစ်သုံးဆယ် စာချုပ်ဖြင့် ၁၉၉၈ ခုနှစ်မှ စတင်ရောင်းချခဲ့ကြောင်း သိရသည်။
ထို့အတူ ရဲတံခွန် သဘာဝဓာတ်ငွေ့သိုက်မှ သဘာဝဓာတ်ငွေ့များကို တစ်နေ့လျင် ကုဗပေသန်း ၄၃၀ ထိုင်းနိုင်ငံသို့ ပထရိုနပ်မှ ဦးဆောင်၍ ၂၀၀၀ ပြည့်နှစ်မှ စတင်သွယ်တန်း ရောင်းချနေကြောင်း သိရသည်။ သို့သော် မုတ္တမ ကမ်းလွန်တွင်ရှိသော ဇောတိက စီမံကိန်းမှ ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချရန် စီစဉ်ထား သော်လည်း သဘာဝဓာတ်ငွေ့များကို ရှာဖွေ တူးဖော်ရာတွင် ဓာတ်ငွေ့တွင်ရှိသော ဓာတ်ငွေ့ပမာဏ၏ အရည်အသွေးဆိုင်ရာ အကဲဖြတ်မှုအား နှစ်ရှည်ပြုလုပ် ရသောကြောင့် ၁၉၉၈ ခု နှစ်တွင် စတင်တွေ့ရှိခဲ့ စေကာမူ ယခုထိ ရောင်းချရသည့်အဆင့် မရှိသေးကြောင်း သိရသည်။
''ဓာတ်ငွေ့တွေရဲ့ သဘောသဘာဝက အခုတွေ့ အခုတူးယူလို့ မရပါဘူး။ အဆင့်ဆင့် အကဲဖြတ်မှုတွေကို နှစ်စဉ်ပြုလုပ်ရပါတယ်။ အနည်းဆုံး ကိုးနှစ် ၁၀ နှစ်ကြာပါတယ်'' ဟု ဦးကျော်ကျော်လှိုင်က ဆိုသည်။
ထို့အတူ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အနီးရှိ ရွှေသဘာဝဓာတ်ငွေ့ လုပ်ကွက်အား ၂၀၀၃ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ကြောင်း၊ သို့သော် ၂၀၁၃ ခုနှစ်အထိ ဆယ်နှစ်ကြာမြင့်ပြီ ဖြစ်သော်လည်း စတင်ပြီး တင်ပို့ရောင်းချရန် ပြင်ဆင်ဆဲသာ ရှိသေးကြောင်း သိရှိရသည်။

No comments :

Post a Comment

Blogger Widgets
Back to Top