ထိုင်းနိုင်ငံက နေးရှင်းသတင်းစာရဲ့ Regional Perspective ဆောင်းပါးလေးတစ်ပုဒ် ဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတကြီးရဲ့ အိမ်ဖြူတော်ခရီးစဉ်၊ ဂျပန်နိုင်ငံဝန်ကြီးချုပ်ရဲ့ နေပြည်တော်ခရီးစဉ် ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာတဲ့အပေါ်မှာ ဒေသတွင်းနိုင်ငံတွေဆီက လေ့လာစောင့် ကြည့်သူတွေရဲ့ ဖြစ်ပေါ်လာတဲ့ အတွေးအခေါ် အယူအဆတွေ ဖြစ်ပါတယ်။
"the icon of reform" လို့ အမေရိကန်မှာ သတ်မှတ်ခြင်းခံရတဲ့ နိုင်ငံတော်သမ္မတကြီးနဲ့ "the icon of democracy" ဒေါ်အောင်ဆန်းစုကြည်တို့ ခေါင်းဆောင်(၂)ဦး လက်တွဲပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့ ပုံရိပ်ကို ဆွဲတင်ခဲ့တဲ့အတွက် နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို အလျင်အမြန် ရရှိလာခဲ့တာ ဖြစ်တယ် လို့ ကောက်ချက် ချထားပါတယ်။
အမေရိကန်၊ ဂျပန်တို့ရဲ့ နိုင်ငံခြားရေးမူဝါဒမိတ်ဘက်အဖြစ် ရပ်တည်ခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ အခန်းကဏ္ဍဟာ ပြီးဆုံသွားပြီ၊ ထိုင်းနိုင်ငံရဲ့ Land of Smile နေရာကို မြန်မာနိုင်ငံက ယူသွားပြီ၊ နောက်ပိုင်းမှာ အမေရိကန်ရဲ့ အရှေ့တောင်အာရှမဟာဗျူဟာကို မြန်မာနိုင်ငံက အထူးကိုယ်စားပြုသွားတော့မယ် ဆိုတဲ့သဘောမျိုးတွေ ဝေဖန်ရေးသားထားတာ တွေ့ရပါတယ်။
ဒီဆောင်းပါးထဲက ရှုမြင်ချက်တွေဟာ အကုန်လုံးမှန်တယ် လို့တော့ ပြောလို့ မရပါဘူး။ ဘေးအိမ် တစ်အိမ်က ထွက်ပေါ်လာတဲ့ အသံတစ်သံသက်သက်ပါပဲ။ နောက်ထပ် မတူညီတဲ့ အသံတွေ ရှိနေဦးမှာပါပဲ။
ဒါပေမယ့် မြန်မာနိုင်ငံရဲ့ လက်ရှိ ရောက်ရှိနေတဲ့ ခြေလှမ်းတွေအပေါ် ဒေသတွင်းနိုင်ငံတွေက ဘယ်ပုံဘယ်နည်း ရှုမြင်နေကြတယ် ဆိုတာကို သိသာစေချင်တာပါ။
၂၀၁၀ ရွေးကောက်ပွဲအကြိုကာလတွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြတဲ့ Political Space ကို ချဲ့ထွင်ဖို့၊ နောက် ၂၀၁၀ ရွေးကောက်ပွဲအလွန်ကာလတွေမှာ ပြောခဲ့ကြတဲ့ All Inclusive Political Process ဖြစ်ဖို့၊ နောက် All Inclusive State Building နဲ့ All Inclusive Nation Building ၊ နောက် ဒီမိုကရက်တစ် အုတ်မြစ်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်လေ့လာသုံးသပ်ရေး၊ နိုင်ငံရေးကွဲလွဲမှုတွေကို စေ့စပ်ညှိနှိုင်းမှုတွေက တစ်ဆင့် ဖြေရှင်းရေး စတဲ့ အဆင့်ဆင့်သော ဖြတ်သန်းလာခဲ့တဲ့ မှတ်တိုင်တွေကို ပြန်ကြည့်ရင် သမိုင်းဝင်အသွင်ကူးပြောင်းရေးကာလတစ်ခုကို လက်ရှိ ကျွန်တော်တို့အားလုံး ကိုယ်တိုင်ကိုယ်ကျ လက်တွေ့ တွေ့မြင်နေကြရတာပဲ ဖြစ်ပါတယ်။

No comments :
Post a Comment